ကျောက်ပန်းတောင်း ၆ ဒီဇင်ဘာ
ပုပ္ပားတောင်တက်ပွဲတော်ကို မည်သည့် ခေတ်ကာလက စတင်ခဲ့သည်မသိသော်လည်း တစ်နှစ်ထက် တစ်နှစ် ဒီဇင်ဘာတောင်တက်သူများ တောင်ခြေမှစတက်ပြီး တောင်ထိပ်မှ ပြန်ဆင်းသည်အထိ တောင်တက်သူ ပြန်ဆင်းသူ အဆက်မပြတ်ခြင်းကတောင်တက်ပွဲပါဝင်ဆင်နွှဲသူ တစ်နှစ်ထက်တစ်နှစ် များပြားလျက်ရှိပေသည်။

နှစ်စဉ်ဒီဇင်ဘာလရောက်တိုင်း ဒီဇင်ဘာ(၂၅)ရက်နှင့် ဒီဇင်ဘာ(၃၁)ရက်နေ့တို့တွင် တောင်တက်ပွဲ နှစ်တိုင်း ဆင်နွှဲကြသည်။
ပုပ္ပားတောင်မကြီးသို့ ဒီဇင်ဘာလအတွင်း တောင်တက်သူ များပြားလွန်းလှသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ(၂၅)ရက် ကျောက်ပန်းတောင်း (Book Club)အဖွဲ့၏ စာရင်းကောက်ယူသည့် မြို့အရေအတွက်မှာ ရန်ကုန်၊ မိတ္ထီလာ၊ တောင်သာ၊ မြင်းခြံ၊ ပခုက္ကူ၊ ငါ့သရောက်မြို့မှ ဆည်ရွာ၊ ညောင်ဦး၊ ပုဂံ၊ ချောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း မြို့နယ်မှ ကျေးရွာများနှင့် (၁၂)ရပ်ကွက်မှ လူငယ်လူရွယ်များ ဒီဇင်ဘာတောင်တက်ပွဲ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

ပုပ္ပားတောင်တက်ရာတွင် တောင်တက်လမ်းနှစ်သွယ်ဖြင့် တက်ရောက်နိုင်ပြီး ပထမလမ်း ၊ဒုတိယလမ်း ခွဲပြရသော် ပုပ္ပားရွာထဲမှ ဒေါ်မြတ်လှ နတ်နန်းနှင့် ဦးတင့်တယ် နတ်နန်းအတိုင်း တက်ရောက်နိုင်ပြီး ပထမလမ်းသွယ်အဖြစ် မှတ်ယူနိုင်သည်။
ဒုတိယလမ်းသွယ်မှာ ပုပ္ပားတောင် ဥယျာဉ်ပရဆေး ဥယျာဉ်ဘက်အတိုင်း တက်ရောက်နိုင်သည်။ တောင်တက်လမ်းနှစ်သွယ်သည် နန်းကြာဟဲ၊ နန်းကြာဖြူဇရပ် အောက်နားတွင်ဆုံကြကာ ပထမလမ်းဖြင့် တက်သူရော၊ ဒုတိယလမ်းဖြင့် တက်သူပါ ဆုံတွေ့ကြသည်။ ပုပ္ပားတောင် တက်ရောက်ရာတွင် တောင်တက်လမ်းကျယ်နှင့် ဖြတ်လမ်းအကျဉ်း တက်ရောက်နိုင်ပြီး ဖြတ်လမ်းအတိုင်း တက်ရောက် ပါက မတ်စောက်သော လမ်းကျဉ်းများအတိုင်း တက်ရောက်ရသည်။

လေ့ကျင့်အားကောင်းထားလျှင် အမောခံနိုင်ပြီး အချိန်တိုအတွင်း ပုပ္ပားတောင်ထိပ်သို့ ရောက်ရှိသည်။ လမ်းအကျယ်တိုင်း တက်ရောက်လျင် လမ်းကျဉ်းအတိုင်း တက်ရောက်သူနှင့် နှစ်ဆကွာဝေးသည်။ တစ်နာရီကျော်ခန့် တက်ရောက်ပြီးလျင် နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနုတိုက်နှင့် ဓမ္မာရုံကွင်းပြင် ကျယ်တွင် ရောက်ရှိအနားယူကြကာ ပါလာသည့် အစားအစာများ နား၍ စားသောက်ပြီးလျှင် တောင်ထိပ်သို့ ဆက်လက်တက်ရောက်ကြသည်။နွားလပို့တောင်အရင်ရောက်ရှိကာ မှန်ပြတောင်ဘက် ဆက်လက်တက်ရောက်ကြသည်။ မှန်ပြတောင်ဘက်ခြမ်းတွင် နိုင်ငံတော်ဝန်ကြီးချုပ် (ဟောင်း)ဦးနု ၏ငါးမျက်နှာ ဘုရားရှိကာ ထိုဘုရားလွန်သော် ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းဘုရားရောက်ရှိပြီး မြောက်ဘက် အခြေရှိ မှန်ပြတောင်သည် ပုပ္ပားတောင်၏ အမြင့်ဆုံးနေရာ မြန်မာနိုင်ငံ ကြေးတိုင်နှင့် မြေတိုင်းအဖွဲ့ချုပ်က ဂုဏ်ယူစွာတိုင်တာပြီး စိုက်ထူထားသည့် မြန်မာနိုင်ငံ အလယ်ပိုင်း၏ အမြင့်ဆုံး ပင်လယ်ရေမျက်နှာပြင် အထက် (၄၉၈၁) ပေသို့ ရောက်ရှိပေသည်။
ဒီဇင်ဘာလရောက်တိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာန အောက်ရှိ ပုပ္ပားတောင် ဘေးမဲ့ဥယျာဉ်၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် တောင်တက်ပွဲနေ့တွင် ပုပ္ပားတောင်တက် လမ်းတလျှောက် လမ်းမမှားစေရန် လမ်းကျဉ်းလမ်းဆုံနေရာများတွင် တောင်တက် လာသူများအား ကူညီပေးနေသည်မှာ မြင်ရသူအပေါင်း စိတ်ချမ်းသာစေသည်။ တောင်တက်လာသူများ သယ်ဆောင် လာသည့် စားစရာသောက်စရာရေသန့်ဘူးနှင့် အခြားအသုံးအဆောင်များ စနစ်တကျ စွန့်ပစ်နိုင်စေရန် အမှိုက်ခြင်းကြီးများ ထားပေးခြင်း၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းစေလိုသူ လူငယ်တစ်စုမှလည်း ပလပ်စတစ် အမှိုက်များအဖွဲ့ လိုက်တောင်တက်ရင်း ကောက်နေသည်မှာ သုံးနှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယကော်မတီမှလည်း ဒီဇင်ဘာ(၂၅)နှင့် ဒီဇင်ဘာ(၃၁) ရက်တို့တွင် မြို့မိမြို့ဖ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းကာ တောင်တက်ပွဲ တက်ရောက်လိုသည့် မည်သူမဆို သတ်မှတ်နေရာများတွင် ကားများ စီစဉ်ပေးထားသည်မှာ အစဉ်အလာ တစ်ရပ်ပင် ဖြစ်နေပြီဖြစ်သည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)