mdn

၂၈ သြဂုတ်

 

အခင်ဆုံး သူငယ်ချင်းတွေဖြစ်ကြတဲ့ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်နဲ့ မော်ဒယ်လ် ကာလီကလော့စ်တို့နှစ်ဦး ဆက်ဆံရေး အဆင်မပြေဖြစ်နေကြောင်း သတင်းတွေ ထွက်နေပြီး သူတို့နှစ်ဦးကိုလည်း လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ အတူတွဲကာ မတွေ့ရတာကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေ အနေနဲ့ သူတို့နှစ်ဦး ဆက်ဆံရေး အဆင်မပြေကြဘူးဆိုတဲ့ ကောလာဟလတွေ မှန်နေလေမလားရယ်လို့ ထင်မိခဲ့ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ သူတို့နှစ်ဦးကို အတူတွဲကာ တွေ့ခဲ့ရတာကြောင့် ကောလာဟလတွေလည်း အဆုံးသတ်ခဲ့ရပြီ ဖြစ်ပါတယ်။

 

တေလာဆွစ်ဟာ သူ့ရဲ့အခင်ဆုံး သူငယ်ချင်းတွေကို သူ့ရဲ့ ကျော်ကြားတဲ့ တေးဗီဒီယို တစ်ခုဖြစ်တဲ့ ''Look What You Made Me Do''မှာ ထည့်သွင်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတေးဗီဒီယိုမှာ ကာလီကလော့စ် ပါဝင်ထားခြင်း မရှိသလို မော်ဒယ်လ်ရဲ့ ရုပ်သံအစီအစဉ်မှာလည်း တေလာဆွစ် က ပါဝင်ဖို့ရာ ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ပိုမိုဆူညံခဲ့ကာ ဒီကောလာဟလတွေနဲ့ ပတ်သက်ပြီး ကာလီကလော့စ်က တွေ့မြင်နေရတဲ့ သတင်းတွေကို မယုံကြည်ဖို့ နယူးယော့ခ်တိုင်းမ်သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ရာ ပရိသတ်တွေ အနေနဲ့ သို့လောသို့လော ဖြစ်ခဲ့ရပြန်ပါတယ်။

 

ဒါ့အပြင် ယခုလ အစောပိုင်းမှာ တေလာဆွစ်ရဲ့ ချစ်သူဟောင်း ဟယ်ရီ စတိုင်နဲ့ ကာလီကလော့စ်တို့ကို တွဲဖက်တွေ့မြင်ခဲ့ရတာကြောင့် တေလာဆွစ် အပေါ် သစ္စာဖောက်ကြောင်း တေလာဆွစ်ရဲ့ ပရိသတ်တွေက ကာလီကလော့စ် ကို စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ တေလာဆွစ်ရဲ့ နယ်လှည့်ဖျော်ဖြေပွဲကို ကာလီကလော့စ်က လာရောက်အားပေးခဲ့တာဖြစ်ပြီး သူတို့နှစ်ဦး အတူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ စနေနေ့ညပိုင်းမှာတော့ တေလာဆွစ်ရဲ့ ''Reputation''နယ်လှည့်ဖျော်ဖြေပွဲကို နက်ရှ်ဗီးလ်မှာ ပြုလုပ်ခဲ့ရာ ကာလီကလော့စ် လာရောက် အားပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလာရောက်ခဲ့ရတာဟာ တေလာဆွစ်ရဲ့ ဖိတ်ခေါ်မှုကြောင့်ဖြစ်ပြီး ယင်းဖျော်ဖြေပွဲမှာ စင်မြင့်နောက်ကွယ် ဓာတ်ပုံအတူ ရိုက်ကူးနေတဲ့ တေလာဆွစ်နဲ့ ကာလီကလော့စ်တို့ကို ပရိသတ်တစ်ဦးက တွေ့မြင်ခဲ့ပြီး ဓာတ်ပုံရိုက်ယူကာ အွန်လိုင်းမီဒီယာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကာလီကလော့စ်ကိုယ်တိုင်က သူနဲ့ တေလာဆွစ်တို့ အတူရိုက်ကူးထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်ကနေ ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

 

ဒါ့အပြင် ကာလီကလော့စ်က သူတို့နှစ်ဦးရဲ့ ဓာတ်ပုံအောက်မှာ တေလာဆွစ်အတွက် ဂုဏ်ယူကြောင်းလည်း ထည့်သွင်းရေးသား ဖော်ပြခဲ့တာ တွေ့ရပါတယ်။

 

အေးပြည့်