"အသက်မကြီးသေးပေါင်မောင်ရယ်...ထန်းရွက်ပုတီးလေးဆွဲလို့........ရွှေစာရံကို...အရောက်သွားလို့လည်"
မြန်မာနိုင်ငံ ဆယ့်နှစ်လရာသီပွဲတော်များအနက် အထက်အညာဒေသ ပွဲတော်တွေထဲက ဒီတပေါင်းလမှာ မန္တလေးဒေသပတ်ဝန်းကျင် ပွဲတော်တစ်ခုဖြစ်တဲ့ ရွှေစာရံပွဲတော်ရရာသီကဖြင့် မကြာမီ ရောက်ရှိလို့ လာပါတော့မည်။ ရွှေစာရံပွဲတော်ကို တကယ်တန်းကျင်းပတာက တပေါင်းလပြည့်ကျော် ၅ ရက် (ဖေဖော် ဝါရီ ၁၃ ရက် မှ လပြည့်ကျော် ၉ ရက် [ဖေဖော်ဝါရီ ၁၇ ရက်] သံဃာအပါး ၃၀ဝ ကျော် ဆွမ်းကြီးလောင်းပွဲဖြင့် ပွဲသိမ်းပါတယ်။
တပေါင်းလပွဲတော်တစ်ခု ဖြစ်တဲ့အတွက် တပေါင်းလဆန်းမှာ ပွဲဈေးတန်း အဆောက်အအုံများ စတင်ကာ လပြည့်မှာကတည်းက ဈေးသည်များ ရောက်ရှိခင်းကျင်းပြင်ဆင်ကြပြီး မန္တလေးလူထုနဲ့ပတ်ဝန်းကျင်ဘုရား ပွဲလာတချို့ စတင်သွားလာနေကြပြီဖြစ်ပါတယ်။ ဒီရွှေစာရံဘုရားကို ဟိုပုဂံခေတ်အနော်ရထာမင်းရဲ့ မိဖုရား တစ်ပါးဖြစ်တဲ့ ရှမ်းတိုင်းရင်းသူ စပ်မွမ်လ (သို့မဟုတ်) စောမွန်လှ (မြန်မာအခေါ်)က တည်ထားကိုးကွယ်ခဲ့ကာ ယနေ့တိုင် ထင်ရှားလှတာကို တွေ့မြင်ရပါတယ်။
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တွင် တည်ရှိပြီး မန္တလေးမှ မိုင် ၂၀ ကျော် ဝေးပါတယ်။ ရာဇဝင်အဆိုအရ အနော်ရထာမင်းဟာ သူရဲ့ မိဖုရား စောမွန်လှကို ဘေးဂုန်းတိုက်စကားကြောင့် စုန်းမလို့ အထင်လွဲပြီး သူမရဲ့ဇာတိ မိုင်းကိုင်းဒေသ (ယခု သိန္နီ) ရှမ်းပြည်မြောက်ပိုင်းသို့ နှင်ထုတ်ရာ ပုဂံမှ ခရီးတစ်ဝက် မန္တလေး အရှေ့ဘက် ကျောက်မီးရွာအနီး ချောင်းတစ်ခုအဖြတ် သူမရဲ့ နားဋောင်း ကျပျောက်ရာ ယခု နားဋောင်းကျချောင်းလို့ အမည်တွင်တဲ့ ချောင်းအတိုင်း တောလမ်းခရီးကိုသွားစဉ် သူမရဲ့ နားဋောင်းဟာ စာကလေးများ ခြံရံလျက် ကောင်ကင်မှာ တွေ့လိုက်ရာ ၎င်းနေရာမှာပင် ဘုရားတည်ကာ အဓိဋ္ဌာန်ဖြင့် နားဋောင်းကို ဘုရားမှာ ဌာပနာခဲ့ပါတယ်။
ဘုရားတည်ခဲ့တဲ့ နေရာဟာ နောင်မှာ "ရွှေစာရံ" ရွာလို့ အမည်ခေါ်စေပြီး သက္ကရာဇ် ၄၃၆ ခု တန်ဆောင်းမုန်း လဆန်း ၁၀ ရက် ဘုရားဝန်းကျင် မြေတာ ၁၀ဝ၀ ကို အနော်ရထာဘုရင်မှ သတ်မှတ်လှူတော်မူပြီး မြေးတော် အလောင်း စည်သူမှသည် စဉ့်ကူးမင်း အဆက်ဆက် ရွှေစာရံဘုရား ထီးတော်တင်လှူ ပြုပြင်မွမ်းမံကာ ပွဲတော်များ မိဖုရားကြီးအတွက် ရည်စူးကျင်းပစေခဲ့ပါတယ်။ ရှမ်း တိုင်းရင်းသူမ စောမွန်လှ တည်ထားခဲ့သော ဤရွှေစာရံဘုရားကို မန္တလေးမှ သွားလျှင် အုန်းချောရွာအရောက် ၁၆ မိုင် ဝေးပြီး ၎င်းရွာမှ ညာဘက်သို့ ၄ မိုင် ကျော်ကျော်သွားရင် ရွှေစာရံရွာကို ရောက်ရှိဖူးတွေ့နိုင်ကာ နှစ်စဉ် တပေါင်း လပြည့်ကျော် ၅ ရက်ရောက်တိုင်းပွဲတော် ကျင်းပပါတယ်။
ဧရာဝတီမြစ်ရဲ့ ဒုတိယအကြီးဆုံး မြစ်လက်တက် မြစ်ငယ်လို့ခေါ်တဲ့ ဒုဋ္ဌဝတီမြစ်နဖူး နားဋောင်းကျချောင်းနဲ့ မနီးမဝေးမှာ တည်ထားတဲ့ ဘုရားဖြစ်ပါတယ်။ ဤမန္တလေး ရွှေစာရံဘုရားဟာ မြန်မာနိုင်ငံမှာ ဆည်းလည်း ခေါင်းလောင်း အများဆုံးဖြစ်ပြီး မင်းဘူး လယ်ကိုင်းကျောင်းတော်ရာစေတီကတော့ ဇရပ် အများဆုံးစေတီလို့ သိရပါတယ်။ ရွှေစာရံဘုရားပွဲကို မန္တလေးသား ဂန္ထဝင်စား ဆရာကြီး ရွှေဥဒေါင်းငယ်စဉ်ဘဝ ၁၅ နှစ်သားတုန်းက မန္တလေးမှ လှည်းများဖြင့် ထမင်းအိုး၊ ဟင်းအိုးအစုံည ၉ နာရီ စထွက်ကာ နောက်နေ့မိုးလင်းချိန် ရွှေစာရံရွာ ပွဲတော်ကို ရောက်ခဲ့ကြောင်း ဆရာကြီးရေးခဲ့တဲ့ "တသက်တာမှတ်တမ်း" စာအုပ်မှာ တွေ့ရပါတယ်။ ယခုတော့ မန္တလေးကနေ ကား၊ ဆိုင်ကယ်၊ ထော်လာဂျီယာဉ် အမျိုးမျိုး ဥဒဟို နိုင်လွန်ကတ္တရာလမ်း ကျယ်ကြီးမှာ စိတ်ချမ်းမြေ့စွာ သွားနိုင်ကြပြီး တချို့လည်း ရှေ့မူမပျက် ခေါင်မိုးပိတ်လှည်းများ လော်စပီကာ သီချင်းများဖွင့်ကာ သွားကြတာကို တွေ့နိုင်ပါတယ်။
ဒီနှစ် မန္တလေး ပုသိမ်ကြီးမြို့နယ်ထဲက ဒီရွှေစာရံပွဲတော်မှာ ဈေးဆိုင်ခန်းပေါင်း ၁၀ဝ၀ ကျော် ပါဝင်ပြီး ဆိုင်ခန်း ၁၄ဝ ကျော်မှာ သီးခြားထားကာ ရွှေစာရံ ဘုန်းတော်ကြီးသင်ပညာရေး(မူလွန်ကျောင်း) ရန်ပုံငွေအတွက် အထူးခွင့်ပြုမှာဖြစ်ပြီး ကျန်ဆိုင်ခန်း ၈ဝဝ ကို ယခင်အတိုင်း ဖွင့်စေပါမယ်။ ရှမ်းဈေးတန်း၊ မြန်မာဈေးတန်း နှစ်မျိုးရှိပြီး ရှမ်းဈေးတန်းအတွက် ဆိုင်ခန်း ၂၀ဝ ကျော် သတ်မှတ်ကာ ၎င်းကို တစ်ခန်းလျှင် ငွေကျပ် ၂၀ဝ၀ဝ သတ်မှတ်၌လည်းကောင်း၊ ကျန်မြန်မာဈေးတန်းကို တစ်ခန်းလျှင် ငွေကျပ် ၃၀ဝ၀ဝ သတ်မှတ်မယ်လို့ သိရပါတယ်။
ဘုရားပွဲတော်ရဲ့ ထင်ရှားတဲ့အမှတ်များကတော့ ထန်းရွက်ပုတီး၊ ထန်းရွက်ငါး၊ ထန်းရွက်ယပ်တောင်နဲ့ ဘုရားစင်မှာပူဇော်ဖို့ ထန်းရွက်နဲ့ပြုလုပ်တဲ့ တံခွန်လုံးများ ဖြစ်ပါတယ်။ ဒီလက်မှုပစ္စည်းများကို ပွဲတော်လာသူများ အမှတ်တရဝယ်သူ အတော်များပါတယ်။ ထန်းရွက်ပုတီးနဲ့ ထန်းရွက်ငါးကလေးများကို ကျောက်ဆည်အနောက်ဘက် ညောင်ဝန်းရွာမှာ သုံးလကျော် လေးလကျော်ကတည်းက ကြိုတင်ပြုလုပ်ပြီး ပွဲတော်ကိုလာရောင်းရာ ပုတီးကုန်းရေတစ်သိန်း ခန့် ရောင်းရတယ်။
ထို့ပြင် ရှမ်းပြည်ထွက်ကုန်များဖြစ်တဲ့ ပဲပုတ်၊ မုန့်ညှင်းချဉ်၊ ကြက်သွန်ဖြူ ဒေါင်းသီး၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်း၊ မိတ်သလင်၊ တရော်ကင်မွန်သီးအပြင် ရှမ်း ရိုးရာအစားအစာ တိုဟူး၊ တိုဟူခြောက်၊ ထန်းလျက်အချို့နဲ့ ပြုလုပ်ထားတဲ့ မုန့်ခေါင်းအုံးများကို ခြင်းတောင်းကြီးများနဲ့ထည့်ကာ ချိန်တွယ်၍ အကြီး အကျယ်ရောင်းပါတယ်။ ကလေးကစားစရာဂုန်ညင်းတောင့်ဂုန်ညင်းဒိုးတို့အပြင် ဘူးခါးခြောက်ရေဘူးများနဲ့ ပျိုမေတို့အတွက် တောင်ပေါ်သဇင်ပန်း၊ သစ်ခွပန်း အမျိုးမျိုးကိုလည်း ဝယ်ယူနိုင်ပါသေးတယ်။
၁၃၁၁ ခုနှစ်ကတည်းက ရွှေစာရံပွဲကို မန္တလေး ရဟန်းပျိုအဖွဲ့က ကြီးကြပ် ကျင်းပလာရာ နှစ်ပေါင်း ၄၀ ကြာပါတယ်။ ဒီအရင်က မန္တလေးတောင်ရသေ့ကြီး ဦးခန္တီက ကြီးမှူးကျင်းပပါတယ်။ ဒီခေတ်တွေမှာတော့ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ ရွှေစာရံဂေါပကအဖွဲ့တို့ ဦးစီးကျင်းပလာပြီး အနယ်နယ်အရပ်ရပ် ပွဲတော်လာ ကားကြီး၊ ကားငယ်၊ ဆိုင်ကယ်ယာဉ်တို့ အထူးများပြားလာရာ ဘုရားအနောက်မြောက်ဘက် ဧရရာမကွင်းပြင်ကြီးမှာ ယာဉ်များအပ်နှံခံ ကန်ထရိုက်ပေးရာ ကား တစ်စီး ၃၀ဝ၀ ကျပ်၊ ဆိုင်ကယ် တစ်စီး တစ်ထောင်ကျပ်ဖြင့် အပ်ခံသူ ကန်ထရိုက်များ အလုပ်ဖြစ်တာ တွေ့ရပါတယ်။
ရွှေစာရံဘုရားပွဲတော်နဲ့ပတ်သက်လို့ တစ်ချိန်က မန္တလေးမှာ ခေတ်အဆက်ဆက် နာမည်ကျော် သီချင်းများပေါ်ခဲ့ရာ နန်းတော်ရှေ့ဆရာတင်၊ အလင်္ကာကျော်စွာ မြို့မငြိမ်း၊ မန္တလေးအေဝမ်းဆရာညှာ စတဲ့ သီချင်းရေး ဆရာကြီးများရဲ့ သီချင်းများအပြင် သီဆိုခဲ့ကြသော မန္တလေးတစ်ခေတ်မင်းသမီး ကြီး မြခြေကျင်း မငွေမြိုင်၊ မန်းပန်အကနည်းပြ ဒေါ်သြဘာသောင်း၊ အငြိမ့်မင်းသမီး ရွှေမန်းသူ ညိုညိုဆန်းတို့ရဲ့ ရွှေစာရံသီချင်းများအနက်ကညိုညိုဆန်း သီဆိုထားပြီး စာရေးသူတို့မြောက်ပြင်သူရဲတပ်ရပ်က ရွာစားကြီး စိန်တင်ဟန် ရေးစပ်သီကုံးထားသော ထန်းရွက်ပုတီးလေး သီချင်းဟာ အောင်မြင် ခဲ့ပြီး ၎င်း သီချင်းကို မန္တလေးပြဇာတ် ဒါရိုက်တာ မြို့တော် မောင်ယဉ်အောင် ရိုက်ကူးတဲ့ "ကိုးဆယ်ဆသာလိမ့်မယ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ရွှေစာရံ နောက်ခံဇာတ် အဖွင့်သီချင်းအဖြစ် ထည့်သွင်းထားရာ နိုင်ငံတစ်ဝန်း ပြန့်လွှင့် ကျော်ကြားခဲ့ပါတယ်။ ။
ထို့အတူ ရွှေစာရံဘုရားပွဲတော်ကြီးဟာလည်း ဘုရားဖူးလာပြည်သူများရဲ့ ရင်မှာ နှစ်စဉ်သတိတရ ထင်ကျန် ခံစားရပြီး အညာပွဲတော်တစ်ခုရဲ့ သရုပ်မှန်ကို ပီပြင်စွာဖော်ပြတဲ့ မြန်မာ့ရိုးရာ လက်မှုထုတ်ကုန်များ၊ တိုင်းရင်းသား ရှမ်းလူမျိုးများရဲ့ လယ်ယာသီးနှံထွက်ကုန်များတို့ကို တစ်နေရာတည်းမှာ ခင်းကျင်းရောင်းဝယ်ကြတဲ့ ရှေးကတည်းက ကျင်းပပြုလုပ်ခဲ့သော မြန်မာ့ဈေးရောင်းပွဲကြီး တစ်နည်းအားဖြင့် ဒီရွှေစာရံဘုရားပွဲတော်ကြီးကို တစ်နှစ်တစ်ခါ မန္တလေးရောက်ခိုက်ကြုံကြိုက်တုန်း ပါဝင်ဆင်နွှဲနိုင်ပါကြောင်း အခွင့်ကောင်းကို ဤမန္တလေး မြင်ကွင်းမှ ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျာ။