မိတ္ထီလာ ၁၅ ဒီဇင်ဘာ
တစ်နိုင်ငံလုံး အိမ်ထောင်စု (၅၀)ရာခိုင်နှုန်း မီးလင်းပေးနိုင်ခြင်း ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိတ္ထီလာမြို့နယ် ငဆက္ကန်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပရာ ခေတ္တတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇာနည်အောင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးမျိုးသစ်၊ ဦးအောင်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူနှင့် ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးရွှေမန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ခေတ္တတိုင်းဒေသကြီးဝန်ကြီးချုပ်မှ လျှပ်စစ်မီးခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် ခေတ္တတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့နှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ခေတ္တတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇာနည်အောင်က နိုင်ငံတစ်နိုင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအထောက်အပံ့ပေးတဲ့ ပဓာနကျတဲ့အချက်တွေ များစွာရှိသည့်အနက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှုသည် အဓိကကျတဲ့ အချက်တစ်ချက် ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိ၍ လျှပ်စစ်မီးသုံးစွဲတော့မည့် အမည်စာရင်းတွင် မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာအုပ်စု ငဆက္ကန်ကျေးရွာသည်လည်း အပါအဝင်ဖြစ် လာတော့မည် ဖြစ်ပါကြောင်း၊ မိတ္ထီလာမြို့နယ်အတွင်း ကျေးရွာအုပ်စု (၅၈)အုပ်စု ကျေးရွာ(၃၈၀)ရှိသည့်အနက် မီးလင်းပြီးကျေးရွာ (၁၈၆)ရွာ၊ မီးလင်းရေးဆောင်ရွက်ဆဲကျေးရွာ (၁၃၆)ရွာရှိရာ ဆောင်ရွက်ဆဲ ကျေးရွာများတွင် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NPE) စနစ်ဖြင့် (၂၈)ရွာ၊ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် (၁၀)ရွာ၊ Public Finance Initiative (PFI) စနစ်ဖြင့် (၉၂)ရွာ၊ ကိုယ်ထူးကိုယ်ထ စနစ်ဖြင့် (၄)ရွာတို့ဖြစ်ကြောင်း။
ယခုဖွင့်လှစ်သည့် ငဆက္ကန်းကျေးရွာတွင် ကျေးရွာမီးလင်းနိုင်ရေးအတွက် ၁၁/၀.၄ကေဗွီ (၁၆၀) ကေဗွီအေ ထရန်စဖော်မှာ (၁)လုံးနှင့် ၁၁ ကေဗွီဓာတ်အားလိုင်း (၁.၂)မိုင်အား တိုင်းဒေသကြီးအစိုးရဘတ်ဂျက် ခွင့်ပြုငွေ (၄၁.၃၆)သန်းဖြင့် တည်ဆောက်တပ်ဆင်ပြီး ၄၀၀ ဗို့ဓာတ်အားလိုင်း ပေ(၄၀၀)အား ကျေးရွာမှ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ငွေကျပ်(၁၇.၅)သန်း တည်ဆောက်ဆောင်ရွက်ခဲ့နိုင်သည့်အတွက် ကျေးရွာရှိ အိမ်ခြေ ၁၄၀ လူဦးရေ (၆၃၉)ဦးတို့မှာ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာ ဦးနေဦးမှ လျှပ်စစ်သုံးစွဲခြင်း၏ အန္တရာယ်နှင့် သုံးစွဲမှုအကျိုးအပြစ်များကို ရှင်းလင်းပြောကြားခဲ့ရာ ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးရွှေမန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ခေတ္တတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား လျှပ်စစ်မီးဖွင့်ပွဲအထိမ်းအမှတ် အလံများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


