ဇော်ဇော်အောင် - မန္တလေး
အဲဒီရည်ရွယ်ချက်ကတော့ ဖွံ့ဖြိုးတိုးတက်ရေး ပဲ။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ စီးပွားရေးကောင်းဖို့ တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ စီးပွားရေး အပြင် ကျန်တဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးစနစ်လည်းပါဝင်တယ်။ နိုင်ငံ ရေးစနစ်ဆိုတာလည်း တရားသေသတ်မှတ်ပြီး တစ်ခုတည်းက ထာဝရပြည့်စုံတယ်မရှိဘူး။ ကမ္ဘာ ကြီးက အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြောင်းလဲနေတာ ဖြစ်လေတော့ နိုင်ငံရေးစနစ်ဆိုတာလည်း အမြဲတမ်း အသစ်အသစ်တွေ ကာလဒေသအခြေအနေ ရေခံ မြေခံအရ လိုအပ်နေမှာပဲဖြစ်လို့ နိုင်ငံရေးစနစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုတာလည်း ရည်မှန်းချက်တစ်ခု အဖြစ် ရှိနေသင့်တယ်။
တည်ငြိမ်ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်
နိုင်ငံရေးစနစ်ကို ကောင်းအောင် တည်ဆောက် ချင်ကြတဲ့ရည်ရွယ်ချက်က နိုင်ငံတွေ ဘက်စုံထောင့်စုံ ဖွံ့ဖြိုးတိုးတက်စေဖို့ဖြစ်သလို နိုင်ငံတစ်နိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုတာကလည်း အပြန် အလှန်အားဖြင့် တည်ငြိမ်ကောင်းမွန်တဲ့ နိုင်ငံရေး စနစ်ကို ရေရှည်ပိုင်ဆိုင်နိုင်ဖို့ဖြစ်ပါတယ်။ ဖွံ့ဖြိုး တိုးတက်ရေးကို အာမခံချက်မပေးနိုင်ရင် ဒီမိုကရေစီ စနစ်ဖြစ်ဖြစ် တခြားဘာနာမည်ပဲ ပေးထားပေးထား အဲဒီနိုင်ငံရေးစနစ်ကို အလုပ်ဖြစ်တဲ့ နိုင်ငံရေးစနစ်လို့ ပြောဖို့ခက်လိမ့်မယ်။
ဒီမိုကရေစီဟာ အကောင်းဆုံးနိုင်ငံရေးစနစ်ဖြစ် တယ်ဆိုရင် အဲဒီစနစ်ကို ကျင့်သုံးရတာရဲ့ ရည်ရွယ် ချက်ဟာ နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်တာမို့ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုမရှိရင် ဒီမိုကရေစီစနစ်ဟာ အင်မတန်ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်ပါဆိုတဲ့ကိစ္စ ကို မေးခွန်းထုတ်စရာဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီမိုကရေစီကျင့်သုံးရင် တိုင်းပြည်ဟာ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာဖို့ မဖြစ်မနေလိုတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမှသာ ဒီမိုကရေစီစနစ်ရဲ့တန်ဖိုး ဟာလည်း မြင့်တက်လာနိုင်မှာဖြစ်သလို အဲဒီ ဒီမိုကရေစီစနစ်ဟာ အမှန်တကယ်ရေရှည်တည်တံ့ ပြီး ထွန်းကားနေနိုင်မှာဖြစ်တယ်။
တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံ ရေရှည်တည်တည်ငြိမ်ငြိမ်ရှိဖို့၊ ငြိမ်းချမ်းသာယာ နေဖို့ ချမ်းသာကြွယ်ဝဖို့၊ သူများနဲ့ယှဉ်ရင် အောက်တန်းနောက်တန်းမကျဖို့ စတဲ့ကိစ္စအားလုံး အတွက် ပင်မသွေးကြောပဲ။ မြန်မာနိုင်ငံဟာ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေနဲ့ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ်တယ်။ တစ်နိုင်ငံလုံး အကြား အလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာဟာ ပြည်နယ်၊ ပြည်မ ဒေသအားလုံးဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းရင်း သားအားလုံး နိုင်ငံသားအားလုံး အေးချမ်းသာယာ ဝပြာဖို့ဖြစ်တယ်။
ဒါတင်မကသေးဘူး။ တိုင်းပြည်တစ်ပြည်မှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံသားတွေအားလုံး တန်းတူ ညီမျှရှိရေး၊ တရားမျှတရေးတို့အတွက် အခြေခံ အကျဆုံးကိစ္စလည်းဖြစ်တယ်။ တစ်နိုင်ငံလုံး တစ်ပြေးညီတိုးတက်ဖွံ့ဖြိုးမှသာ ပြည်နယ်၊ ပြည်မ တွေအကြား၊ တောင်ပေါ်နဲ့ မြေပြန့်ကြား ဆင်းရဲ ချမ်းသာကွာဟမှု၊ လူနေမှုအဆင့်အတန်းကွာဟမှု၊ ကျန်းမာရေးနဲ့ ပညာရေးအခွင့်အရေးများ ကွာဟမှု တွေ လျော့ပါးပျောက်ကွယ်သွားနိုင်တာဖြစ်တယ်။
ဝေးလံခေါင်ဖျားတောင်ပေါ်ဒေသက တိုင်းရင်း သားတွေဟာ ပင်လယ်နဲ့နီးတဲ့ မြေပြန့်ဒေသက နိုင်ငံသားတွေလိုပဲ ကောင်းမွန်စွာ အသက်မွေးဝမ်း ကျောင်းခွင့်ရကြမယ်၊ ကျန်းမာရေးစောင့်ရှောက်မှု ကို ခံယူခွင့်ရှိကြမယ်၊ ပညာသင်ကြားခွင့်ရှိကြမယ်၊ သေချာခိုင်မာပြည့်စုံတဲ့ဘဝနဲ့ သေချာခိုင်မာပြည့်စုံ တဲ့အနာဂတ်ကို ပိုင်ဆိုင်ခွင့်ရရှိကြမယ်ဆိုရင် တိုင်းရင်းသားတွေကြား၊ နိုင်ငံသားတွေကြား အငြိုး တွေ၊ အမုန်းတွေဆိုတာ ရှိနိုင်ပါဦးမလား၊ နိုင်ငံသား တွေအားလုံး အချင်းချင်းချစ်ခင်စည်းလုံးကြဖို့၊ အချင်းချင်းလေးစားတန်ဖိုးထားကြဖို့၊ အချင်းချင်းကူညီစောင့်ရှောက်ကြဖို့ဆိုတာ အထွေအထူးစိုးရိမ် ပူပန်နေစရာမလိုဘဲ အလိုလိုပြေလည်သွားပါလိမ့် မယ်။
အပွန်းပဲ့ခံကြမှာမဟုတ်
အဲဒီလိုအခြေအနေကို ဖန်တီးနိုင်ကြပြီဆိုရင် နိုင်ငံတော်ရဲ့ အချုပ်အခြာတည်တံ့ခိုင်မြဲဖို့၊ တစ်နည်းအားဖြင့် နိုင်ငံတော်တည်တံ့ခိုင်မာဖို့ဆိုတဲ့ကိစ္စအတွက်လည်း အင်မတန်ကြီးမားတဲ့အင်အား တစ်ခု၊ အထောက်အပံ့တစ်ခုကို ရရှိပြီးသား ဖြစ်သွား လိမ့်မယ်။ နိုင်ငံသားတွေအားလုံးဟာ များစွာ စည်းလုံးညီညွတ်နေကြလိမ့်မယ်။ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်နေတဲ့ အခြေအနေက သူတို့ရဲ့ဘဝ၊ သူတို့ရဲ့မျိုးဆက်တွေရဲ့ဘဝနဲ့ အနာဂတ်တွေကို ကောင်းမွန်စွာပုံဖော်ပေးထားတဲ့၊ တည်ဆောက်ပေး ထားတဲ့၊ အာမခံချက်ပေးထားတဲ့၊ အကြောင်းခြင်းရာ ဖြစ်နေတာကြောင့် အဲဒီအခြေအနေကို သူတို့က အပွန်းပဲ့ခံကြမှာမဟုတ်ဘူး။ ယုတ်လျော့မယ့် အခြေအနေကိုလည်း လက်ခံကြမှာမဟုတ်ဘူး။ နိုင်ငံတော်အပေါ် အချုပ်အခြာအပေါ် ကျရောက် လာမယ့် ဘယ်လိုအန္တရာယ်မျိုးကိုမဆို နိုင်ငံသား တွေက စည်းလုံးညီညွတ်စွာနဲ့ ကြံ့ကြံ့ခံခုခံတွန်းလှန် ဖယ်ရှားကြလိမ့်မယ်။
နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကရော။ တစ်နိုင်ငံလုံး အကြားမလပ်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရင် တစ်နိုင်ငံလုံးမှာ ရှိတဲ့ အခြေခံအဆောက်အအုံတွေကလည်း တောင့်တင်းခိုင်မာ စနစ်ကျခေတ်မီနေပြီးသားဖြစ်မှာ ဖြစ်သလို နိုင်ငံသားတွေရဲ့အဆင့်အတန်းနဲ့ အရည် အသွေးဟာလည်း အဆင့်မီနေကြမှာဖြစ်တယ်။ အားလုံးက ပညာတတ်သူတွေ၊ စားဝတ်နေရေး ဖူလုံ ပြည့်စုံသူတွေ၊ ကိုယ်ကျင့်တရားကောင်းမွန်သူတွေ၊ အသိတရားပြည့်စုံကြွယ်ဝသူတွေ၊ အတွေးအခေါ် မြင့်မားသူတွေ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့် အဝရှိကြသူတွေ ဖြစ်လာကြမှာဖြစ်တာကြောင့် ကမ္ဘာမှာ ဘယ်နိုင်ငံနဲ့ယှဉ်ယှဉ် အောက်တန်း နောက်တန်းကျနေတော့မှာ မဟုတ်တော့တာ သေချာတယ်။
အဲဒီအခါ အစိုးရတွေရဲ့ ဂုဏ်သိက္ခာဟာလည်း မြင့်သည်ထက်မြင့်မားလာမယ်။ နိုင်ငံတော်ရဲ့ တန်ဖိုးနဲ့ဂုဏ်သိက္ခာ၊ နိုင်ငံသားတွေရဲ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာဟာလည်း မြင့်မားလာလိမ့်မှာ မုချဖြစ် တယ်။ ဆင်းရဲမွဲတေပြီးတော့ အသိတရားနိမ့်ပါးလို့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးနိမ့်ကျနေကြရတဲ့ အခြေ အနေဆိုတာ လွင့်ပါးပျောက်ကွယ်သွားလိမ့်မယ်။ ဘယ်တိုင်းပြည်ဘယ်လူမျိုးကမှ ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေကို စော်ကားမော်ကားလုပ်ရဲကြ မှာမဟုတ်တဲ့အပြင် တလေးတစားနဲ့ ဆက်ဆံကြရ တော့မှာဖြစ်တယ်။
နိုင်ငံသားတွေရဲ့ အရည်အသွေးမြင့်လာအောင် အထူးကြိုးပမ်းမြှင့်တင်
နိုင်ငံအနှံ့ အကြားမလပ် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံရေးစနစ်တစ်ခုတည်ဆောက်ရုံနဲ့ အကောင် အထည်ဖော်နိုင်မှာ မဟုတ်ဘူး။ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေ ပုံမှန်ရှိနေရုံနဲ့လည်း ဖြစ်မလာဘူး။ ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံရေးနဲ့ဆိုင်တာမှန်ပေ မယ့် နိုင်ငံရေးတစ်ခုတည်းနဲ့ဆိုင်တာမဟုတ်ဘူး။ နိုင်ငံရေးစနစ်ကို တစ်ဖက်မှာ အကောင်းဆုံး တည်ဆောက်ကြရင်းနဲ့ တစ်ပြိုင်နက်တည်းမှာ နိုင်ငံသားတွေရဲ့ အရည်အသွေးမြင့်လာအောင် အထူးကြိုးပမ်းမြှင့်တင်ရလိမ့်မယ်။
နိုင်ငံသားတွေရဲ့အရည်အသွေးဆိုရာမှာ စိတ်ပိုင်း ဆိုင်ရာအရည်အသွေးရော ရုပ်ပိုင်းဆိုင်ရာ အရည် အသွေးပါ မြှင့်တင်ဖို့ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင် သန်စွမ်းဖို့နဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းဖို့ကို တစ်ပြိုင်နက်တည်း တည်ဆောက်ရမှာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာမှာကိုက ဒီနှစ်ချက်ကို အခြေခံကျကျလုပ်ကိုင်ကြဖို့ လိုအပ်တယ်။ နိုင်ငံ သားတွေ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်သန်စွမ်းလာကြမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးဟာလည်း ကျွဲကူးရေပါကိစ္စဖြစ်သွားပါတယ်။
အပြန်အလှန်အားဖြင့်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ နိုင်ငံသားတွေရဲ့ စိတ်ပိုင်း ဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးတွေဟာ ဖွံ့ဖြိုးတိုးတက် (ကြံ့ခိုင်သန်စွမ်း) လာလေ့ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှုအတွက်က အာဟာရပြည့်ဝစွာစားသောက်ဖို့၊ ကျန်းမာရေးနဲ့ အညီနေထိုင်နိုင်ဖို့ ဖန်တီးပေးရမှာဖြစ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှုအတွက် အသိ ပညာပြည့်စုံရေးစိတ်ဓာတ်နဲ့ အတွေးအခေါ်မြင့်မား ရေးကို တည်ဆောက်မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ပညာတတ် အသိ ပညာပြည့်စုံတဲ့ စည်းကမ်းဥပဒေတွေကို တန်ဖိုးထား လေးစားလိုက်နာရကောင်းမှန်းသိတဲ့ နိုင်ငံသားတွေ ဆိုတာဟာ အရည်အသွေးမြင့်တဲ့ နိုင်ငံသားတွေ ဖြစ်ပြီးတော့ သူတို့ဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဓိကမောင်းနှင်ကြမယ့် မောင်းနှင်အားတွေဖြစ်ပါ တယ်။
နိုင်ငံသားတွေအချင်းချင်း လေးစားချစ်ခင်
စည်းလုံးညီညွတ်မှုကို တည်ဆောက်
နေရာဒေသတစ်ခု သို့တည်းမဟုတ် နေရာဒေသ တချို့ကို ကွက်ပြီး ဖွံ့ဖြိုးတိုးတက်စေတယ်ဆိုရင် ဒါဟာ နိုင်ငံတည်ဆောက်တယ်လို့ မဆိုနိုင်ပါဘူး။ နိုင်ငံသားအားလုံး တောင်ပေါ်မြေပြန့်ဒေသတွေ အားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်နိုင်ကြရင် နိုင်ငံလည်း ဘယ်လိုနည်းနဲ့ မှ တိုးတက်ဖွံ့ဖြိုးလာဖို့မရှိတာ အမှန်ဖြစ်ပါတယ်။ နိုင်ငံသားတွေအချင်းချင်းကြား အပြန်အလှန် ယုံကြည်မှု၊ အချင်းချင်းရိုင်းပင်းကူညီ စောင့်ရှောက်မှု၊ လေးစားတန်ဖိုးထားမှုမရှိဘဲနဲ့ စည်းလုံးညီညွတ်လာ ဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်။ နိုင်ငံသားတွေအချင်းချင်း လေးစားချစ်ခင်စည်းလုံးညီညွတ်မှုကို တည်ဆောက် ခြင်းကသာ နိုင်ငံတည်ဆောက်ခြင်း (ရေရှည် တည်တံ့ခိုင်မာအောင် ငြိမ်းချမ်းသာယာဝပြော အောင်) တည်ဆောက်ခြင်းဖြစ်ပါတယ်။
နိုင်ငံရေးစနစ်ကောင်းတစ်ခု အခိုင်အမာ တည်ဆောက်နိုင်ဖို့ဆိုတာကလည်း နိုင်ငံအနှံ့ အကြားမလပ် ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက် တဲ့အလုပ်နဲ့ အပြန်အလှန်သက်ရောက်မှု ရှိနေတာ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကောင်းတစ်ခုရရှိဖို့ကို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေကပဲ တည်ဆောက်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အထူး သဖြင့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို တည်ဆောက် ကြမယ်ဆိုရင် ဒီမိုကရေစီဆိုတာက အများပြည်သူ (နိုင်ငံသားများ) အပေါ် လုံးလုံးတည်မှီနေတယ် ဆိုတာမေ့လို့မရပါဘူး။ နိုင်ငံသားတွေရဲ့အရည် အသွေးဆိုတာဟာ ဒါကြောင့်မို့လို့ပဲ ဒီမိုကရေစီရဲ့ အရည်အသွေးနဲ့ တိုက်ရိုက်အချိုးကျနေရတာဖြစ်ပါတယ်။ နိုင်ငံသားတွေ အရည်အသွေးမြင့်မလာဘဲ ဒီမိုကရေစီအရည်အသွေး မြင့်မလာနိုင်ပါဘူး။ နိုင်ငံသားတွေ အရည်အသွေးမြင့်မားလာလေ ဒီမို ကရေစီရဲ့အရည်အသွေးလည်း မြင့်မားလာလေ ဖြစ်ပါတယ်။
ဒီမိုကရေစီကို အဓိကတည်ဆောက်ရမှာက နိုင်ငံသားတွေဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေ မဟုတ်ပါ။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ ဆိုတာက နိုင်ငံသားတွေကို ကိုယ်စားပြုရတာသာ ဖြစ်ပါတယ်။ နိုင်ငံသားတွေကို တာဝန်ခံရတာဖြစ်ပါ တယ်။ နိုင်ငံသားတွေကို အဆင့်မြင့်မားလာအောင် ကူညီပံ့ပိုးရတာဖြစ်ပြီးတော့ နိုင်ငံသားတွေက နိုင်ငံ တည်ဆောက်ရေးကို ထိထိရောက်ရောက် တက်တက်ကြွကြွ နည်းလမ်းမှန်ကန်စွာနဲ့ အားသွန် ခွန်စိုက်လုပ်နိုင်ကြဖို့၊ အခြေအနေကောင်းတွေကို ဖန်တီးတည်ဆောက်ပေးဖို့က နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။
ဒါကြောင့် အချုပ်အားဖြင့်ဆိုရင် တစ်နိုင်ငံလုံး အကြားမလပ် ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံ တည်ဆောက်ရေးအတွက်ရော နိုင်ငံရေးစနစ် တည်ဆောက်ရေးအတွက်ပါ လွန်စွာမှပဓာနကျလှ ပါတယ်။ ပြည်ထောင်စုကြီး ပိုမိုခိုင်မာတောင့်တင်း ရေး၊ နိုင်ငံသားတွေအားလုံး ချမ်းသာကြွယ်ဝငြိမ်းချမ်း သာယာပျော်ရွှင်ရေးနဲ့ နိုင်ငံကို ချစ်ခင်မြတ်နိုးကြပြီး နိုင်ငံတည်ဆောက်ရေးမှာ တက်ကြွစွာပါဝင်လာကြ ရေး၊ နိုင်ငံတော်နဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာ တည်တံ့ခိုင်မြဲရေးတို့အတွက် အဓိကသော့ချက်ဟာ နိုင်ငံအနှံ့ အကြားမလပ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း အားလုံးသတိမူမိကြပြီးတော့ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို အထူး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း လေးစားစွာ ရေးသားတင်ပြလိုက်ရပါတယ်။ ။