နေပြည်တော် ၂၂ အောက်တိုဘာ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈)ဖွဲ့တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါကြောင်း၊ ဆက်လက်၍ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂)ဖွဲ့သည် NCA စာချုပ်တွင် ထပ်မံပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း။
NCA စာချုပ် ဖြစ်တည်ပေါ်ပေါက်လာသည်မှာ ယခုဆိုလျှင် (၄)နှစ်မြောက်သို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရန် အရေးကြီးလှသည့် သမိုင်းမှတ်တိုင်အဖြစ် လေးလေးနက်နက် အသိအမှတ်ပြုဂုဏ်ပြုသည့်အနေဖြင့် (၁)နှစ်မြောက်နှင့် (၂)နှစ်မြောက် NCA နှစ်ပတ်လည်နေ့ အခမ်းအနားတို့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-I) တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ (၃)နှစ်မြောက် NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အစိုးရနှင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ၁၀ + ၁၀ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း။
ယခု NCA နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-II)တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ပြီး ညနေ ၆ နာရီတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ပါကြောင်း၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့တို့ ပါဝင်လက်မှတ်ရေးထိုးထားသည့် NCA စာချုပ်ဖြစ်သည်နှင့်အညီ နှစ်ဖက်ဘုံပိုင်ဆိုင်သည့်အတွက် လည်းအမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ နေပြည်တော်၌ အောက်တိုဘာ ၂၁ ရက်တွင် အစိုးရကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ (PPWT) ကိုယ်စားလှယ်တို့သည် NCA နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကိုကျင်းပကာ နှစ်ဖက်လိုအပ်သည်များ ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဖြစ်သကဲ့သို့ ယနေ့အစည်းအဝေးတွင်လည်း PPWT ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်လာပါကြောင်း။
NCA နှစ်ပတ်လည်နေ့အခမ်းအနားသို့ အစိုးရဘက်မှအကြီးအကဲများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယခင်က ပါဝင်ဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်များ၊ NCA ရေးထိုးနိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြသူများ တက်ရောက်ကြမည် ဖြစ်သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်ကလည်း ခေါင်းဆောင်များပါဝင် တက်ရောက်မည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် နှစ်ပတ်လည်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို အထူးအလေးထား ဆောင်ရွက်ပေးကြရန် ပြောကြားလိုပါကြောင်း။
ယခင်ကျင်းပသည့် အခမ်းအနားများမှ ရရှိခဲ့သည့် အတွေ့အကြုံများ၊ အားသာချက် အားနည်းချက်များကို အခြေခံပြီး မိမိတို့အနေဖြင့် လစ်ဟာမှုများ မရှိစေရေးကိုလည်း ဂရုပြုဆောင်ရွက်ပေးကြရန် ဖြစ်ပါကြောင်း၊ NCA နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးအတွက် အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ လုံခြုံရေး၊ ပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ဖျော်ဖြေရေးအစီအစဉ်၊ သတင်း/မှတ်တမ်းတင်ရေး၊ တည်းခိုရေး၊ ဧည့်ခံကျွေးမွေးရေးတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများက ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးကြပြီး လိုအပ်ချက်များကို တင်ပြပေးကြရန် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှစ်ပတ်လည် နေ့အခမ်းအနား ကျင်းပရေးနှင့် ဖိတ်ကြားရေးကိစ္စရပ်များ၊ ဖိတ်ကြားမည့်ပုဂ္ဂိုလ်များစာရင်း၊ ဖိတ်ကြားရေးအတွက် တာဝန်ခွဲဝေမှုနှင့် ဖိတ်ကြားစာများ ပြုစုရိုက်နှိပ်ရေးကိစ္စရပ်များ၊ Interpreter နှင့် မိန့်ခွန်းဘာသာပြန်ဆိုရေး ကိစ္စရပ်များ၊ ဖျော်ဖြေရေးအစီအစဉ်နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်းခိုနေထိုင်ရေး၊ သတင်းမှတ်တမ်း နှင့်မီဒီယာကိစ္စရပ်များ၊ အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အခမ်းအနား ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦးက ဖိတ်ကြားရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဇော်ထွန်းအောင်က လုံခြုံရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီနိုင်က ပို့ဆောင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က ကြိုဆိုနေရာချထားရေး၊ ဖျော်ဖြေရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က သတင်းမှတ်တမ်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ်က တည်းခိုရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က တပ်မတော်အရာရှိကြီးများ ဖိတ်ကြားရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့ (PPWT)မှ ရဲဘော်ဆန်နီနှင့် နန်းယဉ်ယဉ်စိုးတို့က ၎င်းတို့၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများ ဖိတ်ကြားရေးနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးခင်မောင်တင်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ငြိမ်းချမ်းရေးကော်မရှင် အထောက်အကူပြုအဖွဲ့ဝင်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့ (PPWT) မှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


