နေပြည်တော် ၂၇  အောက်တိုဘာ 

နေပြည်တော်၌ကျင်းပမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိကြသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)နာယက ခွန်ဥက္ကာနှင့်ကိုယ်စားလှယ် များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကိုယ်စားလှယ်များ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကြာခွန်ဆာနှင့်အဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာနှင့်ကိုယ်စားလှယ်များသည် ယနေ့တွင် မော်တော်ယာဉ်များဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။

ထို့အတူ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်နှင့် ကိုယ်စား လှယ်များသည် ယမန်နေ့တွင် လေကြောင်းခရီးဖြင့်လည်းကောင်း၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)ဥက္ကဋ္ဌ စောမိုရှေးနှင့်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့်ကိုယ်စားလှယ်များ၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)(KNU/KNLA-PC)အတွင်းရေးမှူး ဒေါက်တာနော်ကပေါ်ထူးနှင့်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးဥက္ကဋ္ဌ ဦးသံခဲနှင့်ကိုယ်စားလှယ်များသည် ယမန်နေ့တွင် မော်တော်ယာဉ်များဖြင့်လည်းကောင်း နေပြည်တော်သို့ ရောက်ရှိကြသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် များအား ၎င်းတို့ခေတ္တတည်းခိုမည့် MGallery Hotel ၌ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး သတ်မှတ်နေရာများ၌ နေရာချထားပေးကြသည်။

(သတင်းစဉ်)