ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ ဖြိုးတိုးတက်ရေးကော်မတီသည် နိုင်ငံတော်၏ ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများနှင့် အားကစားဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်သူတို့၏ ကျန်းမာရေးတိုးတက်စေရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိရာ အဆိုပါကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို လွှတ်တော်ရေးရာကဏ္ဍ အနေဖြင့် ဖော်ပြလိုက်ရပါသည် - (စာတည်းအဖွဲ့)

နန္ဒာဝင်း

ကျန်းမာရေးနှင့် အားကစားဖွံ့ ဖြိုးတိုးတက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သည် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော်အစည်း အဝေးဆုံးဖြတ်ချက်တို့အရ ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ကော်မတီသည် နိုင်ငံတော်၏ ကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ပြည်သူတို့၏ ကျန်းမာရေးတိုးတက်စေရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍတွင် တိုင်းရင်းသားပြည်သူများ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေ ပြဋ္ဌာန်းရန်ရှိပါက လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရေး ဆောင်ရွက်ရပြီး သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန် ရှိပါက လွှတ်တော်သို့ တင်ပြဆောင်ရွက်ရသည်။

ထို့အတူ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့် လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး မညီညွတ်ပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီရသည်။

ထို့အပြင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရသည်။

ကော်မတီသည် ပြန်ကြားရေးဝန်ကြီးဌာန နှင့် သက်ဆိုင်သည့် ဥပဒေ ခြောက်ခု၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ဥပဒေ ၁၈ ခုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် သက်ဆိုင်သည့် ဥပဒေ ၂၂ ခု စုစုပေါင်း ဥပဒေ ၄၆ ခုကို လေ့လာစိစစ်သုံးသပ်လျက်ရှိရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြ လိုက်ပါသည်။

 

mdn

ဒေါက်တာစံရွှေဝင်း၊ ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျန်းမာရေးနှင့် အားကစားဖွံ့ ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ

ကျွန်တော်တို့ ကော်မတီကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အဖွဲ့ဝင် နှစ်ဦး၊ ၂၀၁၈ ခုနှစ်မှာ အဖွဲ့ဝင် တစ်ဦး ထပ်မံထည့်သွင်းဖွဲ့စည်းပေးခဲ့တဲ့အတွက် ကော်မတီဝင်ကိုယ်စားလှယ် ၁၈ ဦး ဖြစ်လာခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ ကော်မတီဝင်ကိုယ်စားလှယ် ၁၇ ဦး၊ လေ့လာသူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့ ကော်မတီတာဝန်တွေကို ထမ်းဆောင်နေပါတယ်။

အထူးသဖြင့် ဒီအစိုးရလက်ထက်မှာ ပညာရေးနဲ့ ကျန်းမာရေးကို ရန်ပုံငွေ ခွဲဝေချထားတာ များပါတယ်။ ဒီလိုများလို့လည်း ဆေးရုံ၊ ဆေးခန်းတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အတွက် ဆေးဝါးတွေ၊ ဆေးပစ္စည်းတွေ၊ လူတွေကို တိုးတက်ခန့်ထားပေးတာဖြစ်တဲ့အတွက် ဆေးရုံ၊ ဆေးခန်းသုံးစွဲမှုတွေလည်း အများကြီးတိုးတက်လာပါတယ်။ ဒါပေမယ့်လည်း ဆေးဝါးတွေ၊ ဆေးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကလည်း တက်လာတာဖြစ်တဲ့အတွက် ဒီဘတ်ဂျက်တစ်ခုတည်းကို အားကိုးနေမယ်ဆိုရင် ပြည်သူလူထုရဲ့ ကျန်းမာရေးအဆင့်မြှင့်ဖို့က ခက်ပါတယ်။

ပြည်သူလူထုအနေနဲ့လည်း ကျန်းမာရေးနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အပြုအမူ၊ အနေအထိုင်၊ အစားအသောက် စတာတွေကို ကိုယ်တိုင်ပြုပြင် ပြောင်းလဲမှပဲ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာဖြစ်ပါတယ်။ ဒါလေးကို ကျွန်တော့်အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးကို တင်ပြလိုပါတယ်။ မိမိတို့ရဲ့ နေထိုင်မှု၊ စားသောက်မှု၊ သွားလာမှုစတဲ့ လှုပ်ရှားမှုတွေ အားလုံးဟာ ကျန်းမာရေးအသိ၊ ကျန်းမာရေးကို အထောက်အကူပြုတဲ့ လုပ်ငန်းတွေဖြစ်ဖို့ ကြိုးစားဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းကိုပဲ အားကိုးပြီး ကုသရေးကြမှသာ ကျန်းမာရေးဌာနကို သွားမယ်ဆိုရင် ကုန်ကျစရိတ်များပြီး ကျန်းမာရေးဝန်ကြီးဌာနမှာလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ကျန်းမာရေးမှာ အဆင့်လေးခုရှိပါတယ်။ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်း၊ ရောဂါကာကွယ်တိုက်ဖျက်ခြင်း၊ ကုသခြင်းနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးအ ဆင့်မြှင့်တင်ခြင်းနဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ကြိုတင်ပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကုသရေးလုပ်ငန်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ကျွန်တော်တို့ ဆောင်ရွက်ဖို့လိုမှာ မဟုတ်ပါဘူး။ ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ ကုန်ကျစရိတ်နဲ့ နောက်ဆက်တွဲ အခက်အခဲတွေ အတော်များပြားတဲ့အတွက် မိမိကိုယ်မိမိကျန်းမာရေး အဆင့်မြှင့်တင်ဖို့၊ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ အားလုံးပူးပေါင်းဆောင်ရွက် မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ကျန်းမာရေးအဆင့် ပိုပြီးမြင့်တက်လာမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကော်မတီရဲ့ အဓိကတာဝန် ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ လုပ်သားပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စအဝ၀ကို ဆောင်ရွက်ရသလို အားကစားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ကိုလည်း တာဝန်ယူဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ကျွန်တော်တို့ဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဥပဒေတွေကို လေ့လာသုံးသပ် စိစစ်ပေးရပါတယ်။ အဲဒီ ဥပဒေတွေအပြင် ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွေက ပြဋ္ဌာန်းမယ့် ဥပဒေတွေကို လေ့လာစိစစ်သုံးသပ် ပေးရပါတယ်။

ကျွန်တော်တို့ ကော်မတီအနေနဲ့ ဒီသုံးနှစ်တာ ကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်း ၁၀၅ ခု၊ ကြယ်ပွင့်မပြမေးခွန်းပေါင်း ၁၂၆ ခု၊ အဆိုပေါင်း ၁၄ ခု တင်သွင်းနိုင်ခဲ့ပါတယ်။ ဒီအဆိုတွေ အားလုံး နီးပါးကိုလည်း လွှတ်တော်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအဆိုတွေထဲမှာလည်း အများစုက ကျန်းမာရေးနဲ့ ဆိုင်တဲ့ကိစ္စ၊ အားကစားနဲ့ဆိုင်တဲ့ကိစ္စ စတဲ့အဆိုတွေပဲ ဖြစ်ပါတယ်။ နောက်ဆုံး ကျွန်တော်တို့ တင်သွင်းခဲ့တဲ့အဆိုကတော့ မကူးစက်တတ်တဲ့ရောဂါတွေ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းမှာ ဝန်ကြီးဌာနပေါင်းစုံက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထုကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ဆိုတဲ့ အဆိုကို လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါ တယ်။

ကျွန်တော်တို့နိုင်ငံမှာအရင်က ကူးစက်တတ် တဲ့ရောဂါတွေသာ အဓိကဖြစ်ပေမယ့် အခုအချိန်မှာတော့ မကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ ကင်ဆာရောဂါတွေအပြင် ထိမိခိုက်မိတဲ့ ထိခိုက်ဒဏ်ရာရောဂါတွေလည်း အများကြီးဖြစ်နေတဲ့အတွက် ဒီရောဂါ တွေကိုကာကွယ်ဖို့ အဓိကကျတဲ့ လုပ်ငန်းစဉ်တွေ ကို ကျွန်တော်တို့ ဆောင်ရွက်ဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်တာထက် ဝန်ကြီးဌာနအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်သလို ပြည်သူလူထုအနေနဲ့လည်း မိမိတို့ရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင်၊ ကျန်းမာရေးနဲ့ ဆီလျော်အောင်ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးခြင်းကိစ္စ၊ အရက်သေစာ အလွန်အကျွံ သောက်သုံးခြင်းကိစ္စ၊ အစားအသောက်တွေမှာလည်း အငန်စားလွန်းခြင်း၊ အဆီ၊ အချို စားလွန်းခြင်း စတဲ့ကိစ္စတွေကို ရှောင်ကြဉ်မယ်ဆိုရင် မကူးစက်တတ်တဲ့ ရောဂါ တွေနဲ့ ပတ်သက်ပြီး ကာကွယ်ပြီးသား ဖြစ်မှာပါ။

အားကစား ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို လည်း ကျွန်တော်တို့ ကော်မတီက အဆိုတွေ အများကြီး တင်သွင်းခဲ့ပါတယ်။ ဒီအဆိုတွေကို လက်ရှိမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ယူပြီး အားကစားကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်အောင် တစ်နိုင်ငံလုံးမှာရှိတဲ့ အားကစားကွင်းတွေကို ပြန်လည်ပြုစုပျိုးထောင် နိုင်အောင်၊ အားကစားပစ္စည်းတွေကိုလည်း အရင်ကထက်စာရင် အများပြည်သူလှုပ်ရှား အသုံးပြုလာနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ ပဲ Exercise      Medicine လို့ခေါ်တဲ့ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဆောင်ပုဒ် နဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ကျန်းမာရေးအခြေအနေနဲ့ အားကစားမြှင့်တင်မှု အခြေအနေတွေကလည်း တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။

 

mdn

ဒေါက်တာသန်းဝင်း၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး

ကျန်းမာရေးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အာရောဂျံပရမံလာဘံ ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။ မကျန်းမာရင် ဘယ်လောက်ပဲ ငွေကြေးဥစ္စာ၊ ပညာပြည့်စုံနေပါစေ ကျန်းမာရေးမကောင်းရင် အကျိုးရှိမှာ မဟုတ်ပါဘူး။ လူသားတိုင်းမှာ ကျန်းမာရေးက အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လူသားတွေအတွက် ကျန်းမာရေးကိစ္စတွေကို ပြည်သူ့လွှတ်တော်က တာဝန်ပေးတာနဲ့အညီ ကျွန်တော်တို့ ကော်မတီက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးတိုးတက် ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနဲ့အတူတူ ပူးပေါင်းဆောင်ရွက်နေပါ တယ်။

အားကစားမှာလည်း ဒီအတိုင်းပါပဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ တစ်ချိန်တုန်းက အရှေ့တောင် အာရှတင်မက အာရှတစ်လွှားမှာပါ မြန်မာ့အားကစားက အင်မတန် အောင်မြင်ခဲ့တယ်။ အထူးသဖြင့် အမျိုးသားဘောလုံးအသင်းက အောင်မြင်ခဲ့တယ်။ အခုနောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အားကစားအဆင့်အတန်းက ကျသွားတယ်။ အဲဒါကို ပြန်လည်မြှင့်တင်နိုင်ဖို့ အားကစားဥပဒေတွေ လိုအပ်တဲ့အချက်တွေအကုန်လုံးကို ကျွန်တော်တို့ ကော်မတီက ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်နေပါတယ်။ အားကစားလောက ပြန်လည်တိုးတက်ဖို့အတွက် အဓိက လိုအပ်နေတာ အမျိုးသား အားကစားဥပဒေကို ပြုစုရေးဆွဲနေတာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲတော့ ရှိနေပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ဒုတိယအကြိမ် လွှတ်တော်သက်တမ်း မကုန်ခင်မှာ အမျိုးသား အားကစားဥပဒေတစ်ခု ဖြစ်ထွန်းလာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ထိုနည်းလည်းကောင်းပဲ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ဆိုင်တဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဥပဒေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ဆိုင်တဲ့ ဥပဒေတွေကို ကျွန်တော်တို့ကော်မတီက တာဝန်ယူဆောင်ရွက်နေပါတယ်။ အထူးသဖြင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းဥပဒေနဲ့ ပတ်သက်ပြီး ပြောရရင် မြန်မာ့ရုပ်ရှင်ကို ချစ်မြတ်နိုးသူ ပြည်သူတွေအတွက် မေတ္တာလက်ဆောင်အနေနဲ့ မြန်မာ့ရုပ်ရှင် ဥပဒေတစ်ခု ပေါ်ထွန်းလာအောင် ကျွန်တော်တို့ အားကြိုးမာန်တက် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အရေးကြီးနေတာ ကျန်းမာရေးကိစ္စ၊ အားကစားကိစ္စ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ဆိုင်တဲ့ ကိစ္စတွေအားလုံးကို ၂၀၂၁ ဇန်နဝါရီ ၃၁ ရက် ကျွန်တော်တို့ သက်တမ်းအတွင်းမှာ ကော်မတီက ဆက်လက်ပြီး ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီကော်မတီလုပ်ငန်း တွေက ကျွန်တော်တို့ ကော်မတီတစ်ခုတည်း ဆောင်ရွက်လို့ရတာ မဟုတ်ပါဘူး။ ဝန်ကြီးဌာန၊ ဦးစီးဌာနနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြန်မာ့ဆေးကောင်စီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်ကို မကြာခင်တင်သွင်းမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မတီက ကိုယ်စားပြုပြီး တင်သွင်းမယ့်ဥပဒေတွေ အများကြီးရှိပါတယ်။

တစ်နိုင်ငံလုံးမှာ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အဆိုတစ်ခုကို ၂၀၁၆ ခုနစ်မှာ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုတွေ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေး အတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ခုကို တင်ခဲ့ပါတယ်။ ကျွန်တော့် ရဲ့ လွှတ်တော်သက်တမ်း သုံးနှစ်တာ အတွင်းမှာ အဲဒီအဆိုရဲ့ ထူးခြားချက်က ကန့်ကွက်သူမရှိ၊ ကြားနေမရှိ၊ တစ်ခဲနက် ထောက်ခံမှုနဲ့ အတည်ပြုနိုင်ခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ အဲဒီအဆိုကြောင့်လည်း အခုဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆိုတာ ပေါ်လာတယ်။ အင်နဲ့ အားနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နေပါတယ်။ တစ်ဖက်က ဝမ်းနည်းစရာကောင်းတာ က ဒီအဆိုလည်း အောင်မြင်တယ်။ ဥက္ကဋ္ဌ ဦးအောင်ကြည်တို့ ဦးဆောင်တဲ့ ကော်မရှင်ကလည်း ထိထိရောက်ရောက် ဆောင်ရွက်နေတဲ့ ကြားထဲက အဂတိလိုက်စားမှုတွေ၊ ရာထူး တာဝန်တလွဲသုံးပြီး ဆောင်ရွက်နေတာတွေက ပိုပြီးတွေ့ မြင်လာရတယ်။ အဲဒါတွေက ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဒါတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ လက်တွဲပြီး ပြည်သူတွေအားလုံးအနေနဲ့ လက်တွဲ ဆောင်ရွက်နိုင်မှ တစ်နိုင်ငံလုံး အောင်မြင်မှာ ဖြစ်ပါတယ်။

 

mdn

ဒေါက်တာစိန်မြအေး၊ ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျန်းမာရေးနှင့် အားကစားဖွံ့ ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတင်ချိန်က စက်တင်ဘာ ၁၃ ရက်အထိ ကော်မတီကိုယ်စား မြန်မာနိုင်ငံသွားနှင့် ခံတွင်း ဆေးကောင်စီဥပဒေ ပြင်ဆင်-အသစ်ပြဋ္ဌာန်းဖို့ ကော်မတီနဲ့ ဥပဒေကြမ်း ကော်မတီအသီးသီးမှာ ဆွေးနွေးခဲ့ပါတယ်။ အားကစားနဲ့ ပတ်သက်တဲ့ အဆိုတစ်ခု တင်သွင်းခဲ့တာ လွှတ်တော်ကလည်း အတည်ပြုပါတယ်။ ကျွန်တော့်အနေနဲ့ ကျန်းမာရေး၊ အားကစားနဲ့ ပတ်သက်တဲ့ အဆိုတွေနဲ့ အခြားအဆို ၂၆ ခု ထောက်ခံဆွေးနွေးခဲ့ပြီး မေးခွန်းပေါင်း ၃၀ ဝန်းကျင် မေးမြန်းခဲ့ပါတယ်။ အစိုးရကို over  sight လုပ်တဲ့သဘောတွေ ဖြစ်ပါတယ်။ ကျန်းမာရေး၊ အားကစားနဲ့ဆိုင်တာကတော့ ဒေသဖွံ့ဖြိုးရေး၊ ပြည်ထောင်စုနိုင်ငံရေးနဲ့ ဆိုင်တာတွေ ဖြစ်ပါတယ်။ ကော်မတီအစည်းအဝေး အကြိမ်ရေ ၄၀ ခန့် တက်ရောက်ခဲ့ပြီး လာရောက် ဆွေးနွေးတင်ပြတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။

ကျန်းမာရေးနဲ့ အားကစားဖွံ့ ဖြိုးတိုးတက်ရေးအတွက် အား/ကာသိပ္ပံ ရန်ကုန်နဲ့ မြောက်ဥက္ကလာပဆေးရုံကြီး၊ သွားဆေးတက္ကသိုလ်တို့မှာ လေ့လာရေးခရီး သွားရောက်ခဲ့ပါတယ်။ စနေ၊ တနင်္ဂနွေ ဒါမှမဟုတ် လွှတ်တော်နားရင် နယ်ပြန်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံပါတယ်။ အတွေ့အကြုံရှင်း၊ ပြည်သူတွေ အခက်အခဲပေါင်းစုံ တင်ပြတာ နားထောင်ပြီး ကူညီဖြေရှင်းဖို့ ဌာနဆိုင်ရာတွေ နဲ့ ပူးပေါင်းဆောင်ရွက်ရပါတယ်။ ဒါပေမယ့် ဖြေရှင်းပေးနိုင်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေရှိခဲ့ရင် ပီတိဖြစ်ရပြီး ပင်ပန်းတာတွေ ဘယ်ရောက်သွားမှန်းတောင် မသိပါဘူး။ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိရင်တော့ သူတို့ကို အားပေးရပါတယ်။ ရှင်းပြရပါတယ်။ မှတ်မှတ်ရရပြောရရင် ကော်မတီကိုယ်စား မဟုတ်ပေမယ့် ကျွန်တော့်အစီအစဉ်နဲ့ အခြေခံ ပညာကျောင်းတွေမှာ ကွမ်းယာဆန့်ကျင်ရေး ပညာပေးဟောပြောမှုတွေ လုပ်ရပါတယ်။ ပါတီဝင်တွေ သာမက ပြည်သူကိုပါ ဒေသဖွံ့ဖြိုးရေးကို တက်တက်ကြွကြွ ပါဝင်လာအောင် စည်းရုံးဆောင်ရွက်ရတာဟာ လွှတ်တော် ကိုယ်စားလှယ်တို့ တာဝန်ပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရာမှာ လွှတ်တော်က ပို့လွှတ်ပေးလို့ရခဲ့တဲ့ နိုင်ငံခြားအတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး နိုင်ငံအတွက်၊ ပြည်သူအတွက်၊ ပြည်သူ့ဆန္ဒအတွက်၊ ပြည်သူ့အသံအတွက်၊ ပြည်သူ့မျှော်လင့်ချက်အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် တစ်ဦးအနေနဲ့ ဆောင်ရွက်ရတာကို ကျေနပ်မိပါတယ်။ ပြည်သူက တာဝန်ပေးသရွေ့ ဆက်လက် လုပ်ကိုင်နေဦးမှာပါလို့ ပြောကြားချင်ပါတယ်။