၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက် နေပြည်တော်
ချစ်ကြည်လေးစားရပါသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် - NCA လက်မှတ်ရေးထိုးပွဲ (၈) နှစ်မြောက် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ သက်ဆိုင်ရာတာဝန်ရှိ လူကြီးမင်းများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနဲ့ သံတမန်များတို့ကို မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ဒီလိုဂုဏ်ရောင်ထွန်းပြောင်တဲ့ သမိုင်းဝင်နေ့မှာ အခမ်းအနားသို့ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ကိုယ်စား ကျွန်တော့်ကို မိန့်ခွန်းပြောကြားခွင့်ပြုတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက် ကျေးဇူးဥပကာရတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးကတည်းက နှစ်ရှည်လများဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့၊ နိုင်ငံတော်အစိုးရရဲ့ ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတို့ဟာ ဒီတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကိုရရှိဖို့ (၂) နှစ်နီးပါး အချိန်ယူ ဆွေးနွေးခဲ့ကြရပါတယ်။
နှစ်ဖက်ညှိနှိုင်း ဆွေးနွေးဖက်တွေအကြား ရဲရင့်တက်ကြွတဲ့အားမာန်တွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အဖြေရှာလိုတဲ့ အာသီသကို အခြေခံကြလို့ ဒီတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် - NCA ကို ရရှိခဲ့တာဖြစ်ပြီး သမိုင်းစာမျက်နှာသစ် တစ်ခု ပေါ်ပေါက်စေခဲ့ပါတယ်။
ဒါတွေဟာ အလျှော့အတင်းပြုလိုတဲ့ စိတ်ဓာတ်၊ အခက်အခဲတွေကို အတူတကွ ပူးပေါင်းဖြေရှင်းလိုတဲ့ဆန္ဒ၊ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့ သန္နိဋ္ဌာန်၊ ဆွေးနွေးဖက် တစ်ဖက်စီမှာ ပါဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေ အကြား ထိန်းသိမ်းထားနိုင်တဲ့ ညီညွတ်မှုနဲ့ ယုံကြည်မှုတွေကြောင့် ဖြစ်ပါတယ်။ လက်ရှိကာလမှာလည်း ဒီလိုစိတ်ဓာတ် ဆန္ဒနဲ့ ထပ်မံပြီး ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်- NCA လက်မှတ်ရေးထိုးခြင်းဟာ သာမန်အပစ်ရပ် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးတာမဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရဲ့ ပထမဦးဆုံးသော အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပြီး စိန်ခေါ်မှုများစွာကလည်း စောင့်ကြို နေခဲ့တယ်ဆိုတာကို အားလုံးရင်ဆိုင်ကြုံတွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ကာလမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCAကို ဆက်လက် အကောင်အထည်ဖော်ခဲ့ရာမှာ အောင်မြင်သင့်သလောက် အောင်မြင်မှုမရရှိခဲ့သလို နိုင်ငံရေး အကျပ်အတည်းကြောင့် NCA အကောင်အထည်ဖော်မှုမှာလည်း ရပ်နားသွားခဲ့ရတယ်။ ကျွန်တော်တို့အားလုံးဟာ မိမိတို့အသီးသီးရဲ့ ဆန္ဒသဘော ထားတွေကိုသာ ရှေ့တန်းမတင်ဘဲ အပြန်အလှန်လေးစားတန်ဖိုးထားမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ညှိနှိုင်းအဖြေရှာကြဖို့ကိုလည်း သက်ဆိုင်သူအားလုံးကို တောင်းဆို လိုပါတယ်။
နိဂုံးချုပ်အနေနဲ့ မိမိတို့နိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့တိုင်းပြည် ဖြစ်သည့်အလျောက် လူမျိုးချင်းမတူသော်လည်း ငြိမ်းချမ်း စွာ အတူတကွနေထိုင်နိုင်ရေးအတွက် ရှေးရှုရန် လိုနေပါတယ်။ မိမိတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ ခါးသီးစွာ တွေ့ကြုံခံစားလာခဲ့ကြရတဲ့ လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံးချုပ်ငြိမ်းစေပြီး အနာဂတ်မျိုးဆက်သစ် ပြည်သူ ပြည်သား လူငယ်လူရွယ်များအတွက် ‘‘ငြိမ်းချမ်းရေး’’ဆိုတဲ့ အမွေအနှစ်ကို ချန်ရစ်ထားနိုင်ဖို့၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာ ရှိမှုတို့အပေါ် အခြေခံတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားကြဖို့နဲ့ ညှိနှိုင်းဆွေးနွေး ပွဲတွေကနေ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားကာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး မဆုတ်မနစ် ကြိုးပမ်းကြပါစို့လို့ ဒီကနေ့ အခမ်းအနားကို ဂုဏ်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။ ။