ကောလင်း ၁၉ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပေကုန်းကျေးရွာသည် နန်းလိုင်းချောင်းကိုအခြေခံပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။ နွေရာသီတွင် မိသားစုအပိုဝင်ငွေရရှိအောင် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြင့် ယပ်တောင်လုပ်ငန်းကို လုပ်ကိုင်ကြသည်။

 

“ယပ်တောင်လုပ်ငန်းပြုလုပ်ရန်အတွက် ဝါးများကို ပြာသိုလ်လမှာ ခုတ်ယူရပါတယ်။ ယပ်အတွက် သိုက်ဝါးကို ခုတ်ယူရပြီး ယပ်ရိုးအတွက် မျှင်ဝါးကို ခုတ်ယူရပါတယ်။ ဝါးများကို ပိုးမထိုးအောင် ရက် ၂၀ ကြာနေလှန်းထားရပါတယ်။ ထိုနောက် တပို့တွဲလမှာ ဝါးနှီးဖြာရပါတယ်။ ဝါးနှီးဖြာရန်အတွက် ခြောက်သွေ့သောဝါးများကို နှစ်ရက် (သို့မဟုတ်) သုံးရက်ကြာအောင် ရေစိမ်ထားရပါတယ်။ ဝါးနှီးများ အရောင်ဆိုးရန် မန္တလေးမြို့မှ ဆေးရောင်စုံကိုဝယ်ယူကာ မိမိတို့ကြိုက်နှစ်သက်သောအရောင်ရအောင် ဆေးဆိုးရပါတယ်။ ယပ်တောင်တစ်ချောင်းကို လက်ကားဈေးဖြင့် တပေါင်းလမှာ ၁၃၀ ကျပ်ထိရောင်းချရပြီး ကိုဗစ်-၁၉ ရောဂါကြောင့် တန်ခူးလမှာ ၇၀ ကျပ်ထိဈေးကျသွားကာ ကဆုန်လထဲတွင် ၁၀၀ ကျပ် မှ ၁၅၀ကျပ် ထိဈေးပြန်လည်တက်သွားပါတယ်” ဟု ပေကုန်းကျေးရွာသူ မရီမွန် ကပြောပြသည်။

 

ပေကုန်းကျေးရွာမှ တောင်သူများသည် နွေရာသီရောက်လာပါက လယ်ယာလုပ်ငန်း ပြီးဆုံးချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိအောင် ယပ်တောင်လုပ်ငန်းလုပ်ကိုင်လာကြသည်မှာ ငါးနှစ်ကျော် ရှိခဲ့ပြီဖြစ်သည်။ တစ်ရက်လျှင် ယပ်တောင်အခုရေ ၈၀ ကျော်မှ ၉၀ ထိ ရက်လုပ်ပြီးစီးလျက်ရှိပြီး လုပ်ငန်းမြဲရင် မြဲသလောက်အခုရေ များများပြီးစီးကြောင်းနှင့် ယပ်တောင်လုပ်ငန်း၏ ဆယ်ရက်အတွင်း ဝင်ငွေမှာ ကျပ် ၂၀၀၀၀ ကျော်မှ ၃၀၀၀၀ ထိရရှိကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)