နေပြည်တော် ၁၉ စက်တင်ဘာ

မောင်တောဒေသမှ နေရပ်စွန့်ခွာကာ တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားခဲ့သည့် မိသားစုဝင်ခြောက်ဦးတို့ စက်တင်ဘာ ၄ ရက်တွင် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာကြသည်။ တစ်ဖက်နိုင်ငံတွင် ရှိနေခဲ့စဉ် အသက်အန္တရာယ်စိုးရိမ်ဖွယ် အခြေအနေများနှင့် ကြုံခဲ့ရသည့်အတွက် ပေါ်ပေါ်ထင်ထင် မနေရဲဘဲ တိမ်းရှောင်ပုန်းအောင်းနေခဲ့ရသည်ဟု ပြန်လည်ဝင်ရောက်လာသူကပြောသည်။ သူ့အတွေ့အကြုံများထဲတွင် ထွက်ပြေးခဲ့ရသည့် အကြောင်းရင်း၊ ဒုက္ခသည်စခန်းမှ မြင်ကွင်းတချို့ ၊ ဒုက္ခသည်များအား ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ မလှုပ်မယှက်နှင့် ဆောင်ရွက်ချက် ကင်းမဲ့နေသည့် အခြေအနေတချို့တို့ကိုပါ သိခွင့်ရခဲ့သည်။

သူပြောပြခဲ့သည့် သူ့အတွေ့အကြုံများက နိုင်ငံတကာသတင်းမီဒီယာများတွင် ကျယ်ကျယ်လောင်လောင် ဖုံးလွှမ်းခဲ့သည့် သတင်းမျိုးမဟုတ်ဘဲတစ်မူကွဲသည်။ နိုင်ငံပိုင်သတင်းမီဒီယာ၏ မေးမြန်းမှုကို ဖြေကြားခဲ့သော မာမတ်ရှော်ရိပ်က ၎င်းတို့မိသားစု တစ်ဖက်နိုင်ငံသို့  ထွက်ပြေးတိမ်းရှောင်ခဲ့သည်မှာ ARSA အကြမ်းဖက်သမားတို့၏ ဖမ်းဆီးသတ်ဖြတ်မှု ခံရမည်ကို ကြောက်ရွံ့ ခြင်းကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။ တောင်ပြိုလက်ဝဲမြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ARSA  အကြမ်းဖက်သမားတို့က ဖမ်းဆီးပြီး သတ်ရန်တောထဲသို့ ခေါ်ဆောင်သွားသည်ကို တွေ့ရပြီးနောက် ၎င်းကိုလည်းဖမ်းဆီးရန်ရှိသည်ဟု သတင်းရခဲ့ခြင်းကြောင့်ဘင်္ဂလား ဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မာမတ်ရှော်ရိပ် ပြောကြားသည့် ယင်းအချက်က မြန်မာ့တပ်မတော်၏ အင်အားသုံး အကြမ်းဖက်နှိပ်ကွပ်သတ်ဖြတ် မောင်းထုတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရကြောင်း ပြည်ပမီဒီယာများ၏ ရေးသားချက်များနှင့် ကွဲပြားခြားနားသည်။ တစ်နည်းအားဖြင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးကြရသည့် အကြောင်းရင်းခံများတွင် ARSA  တို့၏ အကြမ်းဖက်သတ်ဖြတ်မှုသည် အကြောင်းတရားတစ်ခုဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။

တစ်ဖက်နိုင်ငံသို့ မာမတ်ရှော်ရိ်ပ်တို့ မိသားစုရောက်သွားပြီးနောက်တွင်လည်း ဒုက္ခသည်စခန်းသို့ တိုက်ရိုက်မဝင်ရဲ။ ရွာတစ်ရွာတွင် ခိုလှုံနေထိုင်ကာ တစ်လတိတိ အရိပ်အကဲကြည့်ပြီးမှ ဒုက္ခသည်စခန်းသို့ ရောက်ခဲ့ရခြင်းဖြစ်သည်။ ဒုက္ခသည်စခန်းတွင် အကြမ်းဖက်သမားတို့၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှု၊ လူအများအပြားကို သတ်ဖြတ်မှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။ ၎င်း၏ ပြောကြားချက်များကို အတည်ပြုနိုင်မည်ဆိုပါက ဒုက္ခသည်များအတွင်း အကြမ်းဖက်သမားများ ရောနှောနေပြီး နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်ရေးတွင် နောက်ကွယ်မှ ကြိုးကိုင်နေခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်။ တစ်နည်းအားဖြင့် ဒုက္ခသည်စခန်းများကို အကြမ်းဖက်သမားများက လွှမ်းမိုးထားသည်ဟု ယူဆရမည်ဖြစ်သည်။ မာမတ်ရှော်ရိပ်၏ ပြောကြားချက်များတွင် ဒုက္ခသည်စခန်း၌ နေထိုင်ခဲ့ရာတွင် အဆိုးဆုံးက အကြမ်းဖက်သမားများ၏ လွှမ်းမိုးမှုဒဏ်ကို မခံစားနိုင်ခြင်းက အဓိကအခက်အခဲဖြစ်ကြောင်း၊ ၎င်းတို့မိသားစု ပြန်လာမည့်ကိစ္စကို စခန်းမှ လူများသိရှိသွားပါက မိသားစုအတွက် အန္တရာယ်ရှိကြောင်း၊ အကြမ်းဖက်သမားများသည် ဘင်္ဂလားဒေ့ရှ်ဘက်တွင်လည်း မလိုလားအပ်သည့် ပြဿနာများ ဖန်တီးခြင်း၊ ဆန္ဒပြတောင်းဆိုခိုင်းခြင်း၊ နောက်ကွယ်မှ ကြိုးကိုင် ခိုင်းစေခြင်းများ ပြုလုပ်နေကြောင်းတို့ ပါရှိရာ ဒုက္ခသည်စခန်းများ၏ အခြေအနေများကို ရိပ်စားမိဖွယ်ရာပင် ဖြစ်သည်။

အဓိကအကျဆုံးအချက်မှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရတို့အကြား နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး သဘောတူညီချက်များနှင့် စပ်လျဉ်း၍ ဒုက္ခသည်စခန်းများတွင် တစ်စုံတစ်ရာ ဆောင်ရွက်မှု မရှိခြင်း၊ အကောင်အထည်ဖော်မှု ကင်းမဲ့နေခြင်းတို့ကို ဖော်ထုတ် ပြောကြားခဲ့သည့် အချက်ပင်ဖြစ်သည်။ ဒုက္ခသည်စခန်းများတွင် စားရေးသောက်ရေး အလုံအလောက် ထောက်ပံ့မှုများရှိကြောင်း၊ ဘင်္ဂလား ဒေ့ရှ်အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် စခန်းတာဝန်ခံ၏ အုပ်ချုပ်မှုတို့ကို လိုက်နာရကြောင်း၊ မြန်မာနိုင်ငံဘက်သို့ ပြန်လာချင်သူများ ရှိကြောင်းတို့လည်း မာမတ်ရှော်ရိပ်၏ ပြောကြားချက်များတွင်ပါဝင်သည်။ ယင်းအချက်သည် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တွေ့သည့်အခါတိုင်း ဒုက္ခသည်များ ပြန်လည်လက်ခံရေးတွင် မြန်မာနိုင်ငံဘက်က ဘာမှမလုပ်သည့်အတွက် ဖိအား ပေးကြပါရန် ပြောနေသည့် စကားများနှင့် ကွဲလွဲဆန့်ကျင်လျက်ရှိသည်။ ထို့အပြင် အကြမ်းဖက်သမားများ လွှမ်းမိုးထားသည့် ဒုက္ခသည်စခန်းများမှ ထွက်လာသည့် အသံများသည် နိုင်ငံတကာမီဒီယာများ၊ သံတမန်များ၊ အဖွဲ့အစည်းများ၊ အချက်အလက်ရှာဖွေသူများအတွက် တစ်သမတ်တည်း ညီညွတ်နေသည့် မုသားများဟု ယူဆရန်သာ ဖြစ်ပါကြောင်း။

မြန်မာ့အလင်း