တစ်ဖက်သတ်ဖိအားပေးမှုမှန်သမျှလက်မခံ

ဂျီနီဗာမြို့၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများတွင် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းသည့် “မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုကို ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ မပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။

 

အဆိုပါဆုံးဖြတ်ချက်အဆိုတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ အခြေအမြစ်မရှိသည့် တစ်ဖက်သတ်စွပ်စွဲဖော်ပြချက်များ ပါဝင် နေသည်ကို တွေ့ရသည်။ နိုင်ငံတစ်နိုင်ငံကို ဦးတည်သည့် ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များ၊ ၎င်းတို့၏ နောက်ဆက်တွဲ အပြန်အလှန် ဆွေးနွေးမှုများသည် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံတကာ အသိုက်အဝန်းတို့အကြား ဓမ္မဓိဋ္ဌာန်ကျသော အစီရင်ခံမှု၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်ရေးကို အထောက်အကူမပြုသည်ကို တွေ့ရသည်။

 

ထို့အပြင် ကုလသမဂ္ဂ၏ အခြေခံမူများဖြစ်သည့် သမာသမတ်ကျမှု၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ ရွေးချယ် မဆောင်ရွက်မှုတို့နှင့် ဆန့်ကျင်နေခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့နှင့်ပတ်သက်၍ အစဉ်တစိုက်ဆန့်ကျင်ခဲ့သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် ကမ္ဘာပေါ်ရှိနိုင်ငံများကို ကိုယ်စားပြု၍ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အခြေအနေများကို သက်ဆိုင်ရာနိုင်ငံနှင့်အတူ ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သုံးသပ်ပြီး ဖြေရှင်းဆောင်ရွက်ပေးရမည့် အဖွဲ့အစည်းဖြစ်သော်လည်း ယခုကဲ့သို့ တစ်ဖက်သတ်စွပ်စွဲ ဘက်လိုက်ဆုံးဖြတ်မှုများ ပြုလုပ်နေခြင်းသည် ကုလသမဂ္ဂ၏မူများကို မျက်ကွယ်ပြုပြီး အင်အားကြီးနိုင်ငံများ၏အလိုကျ ဆောင်ရွက်နေသည်မှာ ပေါ်လွင်နေသည်။

 

မြန်မာနိုင်ငံသည် ကုသလမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂကချမှတ်ထားသည့် ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့်အညီ လိုက်ပါဆောင်ရွက်လျက်ရှိသည်။ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေးနှင့် ပတ်သက်၍လည်း လိုအပ်သူများထံ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်း၌ ကုလသမဂ္ဂအဖွဲ့အစည်း ၁၆ ဖွဲ့ ၏ရုံးခွဲများ ဖွင့်လှစ်ခွင့်ပြုပေးထားသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိရှိသော စာရင်းများအရ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၌ နိုင်ငံခြားသား ဝန်ထမ်း ၁၃၀ ကျော်၊ ပြည်တွင်းခန့်ဝန်ထမ်း ၁၇၀၀ ကျော် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံအနေဖြင့် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများ၏ သံရုံးများကို မြေပြင်လုံခြုံရေးအခြေအနေပေါ်မူတည်၍ ခရီးသွားရောက်ခွင့် ပြုခဲ့သည်။ လွန်ခဲ့သော သုံးနှစ်အတွင်းအစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား နိုင်ငံတစ်ဝန်းခရီးသွားလာခွင့် အကြိမ် ၁၀၀၀ ကျော်နှင့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများအား အကြိမ် ၆၀ ကျော် ခွင့်ပြုပေးခဲ့သည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ခုတည်းအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများအား စုစုပေါင်းအကြိမ် ၂၅၀ ခန့်နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအားအကြိမ် ၃၀၀ ကျော် ခရီးသွားလာ ခွင့်ပြုပေးခဲ့သည်။

 

ထို့အပြင် အစိုးရအနေဖြင့် ကုလသမဂ္ဂဘက်မှ အဆင့်မြင့်အရာရှိကြီးများ၏ အဆိုပြုခရီးစဉ်များကိုလည်း ညှိနှိုင်းပေးခဲ့သည်။ လွန်ခဲ့သောသုံးနှစ်အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့် အရာရှိကြီးများ၏ ခရီးစဉ် ၁၉ ခုကို ညှိနှိုင်းပေးခဲ့သည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာအချို့နှင့် သတင်း ထုတ်ပြန်ချက်အချို့တွင် ခရီးသွားလာခွင့် ငြင်းပယ်ခံရကြောင်းဖော်ပြချက်မှာ အခြေအမြစ်မရှိသော စွပ်စွဲချက်သာဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အပြည့်အဝ ကတိကဝတ်ပြု ဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအခြေအနေများအရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် များကို မစတင်နိုင်သေးပေ။

 

သို့ဖြစ်ရာ ကုလသမဂ္ဂနှင့်မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဖက်သတ်ဖိအားပေးမှု များသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူပြုမည် မဟုတ်ပေ။ ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းခဲ့သည့် တစ်ဖက်သတ်ဆုံးဖြတ်ချက် ကဲ့သို့ အဆိုမှန်သမျှကို မြန်မာနိုင်ငံအနေဖြင့် ပြတ်သားစွာ ခြွင်းချက်မရှိပယ်ချသွားမည်ဖြစ်ပြီး နားလည်မှု၊ စာနာမှု၊ အပြန်အလှန်ထိတွေ့ဆောင်ရွက်မှုတို့ဖြင့် လက်တွေ့ဓမ္မဓိဋ္ဌာန်ကျကျ ဆောင်ရွက်မှုမျိုးကိုသာ အသိအမှတ်ပြုမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ(အယ်ဒီတာ့အာဘော်)