မြင်းခြံ မေ

 

မြင်းခြံမြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် နဗျင်းချည်ထည်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ဆေးရုံဆေးခန်းများက နဗျင်းချည်ထည်ကို ဆေးရုံဆေးခန်းသုံး အဝတ်အထည်အဖြစ် မှာယူမှုများသောကြောင့် အဆင်ပြေလျက်ရှိတယ်လို့ တစ်ပိုင်တစ်နိုင် ချည်ထည်လုပ်ငန်းလုပ်ကိုင်သူ မမြတ်မွန်သော်ထံက သိရှိရသည်။

 

မြင်းခြံချည်ထည်အနေနဲ့ တစ်ပိုင်တစ်နိုင် ဆိုင်ဖွင့်ရောင်းလာတာ ကြာပြီဖြစ်ပြီး ယခုချိန်က COVID-19 ရောဂါကြောင့် ဆိုင်ပိတ်ထားရပေမယ့် ဆေးရုံဆေးခန်းသုံး ယူနီဖောင်းအဖြစ် ဆရာဝန်များက မှာယူသောကြောင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကာ နဗျင်းချည်ထည် တစ်စုံလျှင် ကျပ် ၂၀၀၀ မှ ၅၀၀၀ အထိ ရှိတယ်လို့ သိရှိရသည်။ နဗျင်းချည်ထည်များကို မြင်းခြံမြို့နယ်အတွင်း ဆေးရုံဆေးခန်းများသာမက  မန္တလေး၊ ညောင်ဦး၊ မိုးကုတ်နှင့် အခြားမြို့များရှိ ဆေးရုံဆေးခန်းများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကာလအတွင်း သယ်ယူပို့ဆောင်ရောင်းချရေးအတွက် ယာဉ်လုပ်ငန်းများကို ရပ်နားထားသော်လည်း မှာယူသည့် နဗျင်းချည်ထည်များကို စာတိုက်မှတစ်ဆင့် တင်ပို့ပေးလျက်ရှိကြောင်း သိရှိရသည်။

 

မြင်းခြံမြို့မှ နဗျင်းချည်ထည်များသည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ဝတ်ဆင်နိုင်၍ မြန်မာနိုင်ငံအနှံ့ တင်ပို့ရောင်းချနေရသော်လည်း ယခုလို COVID-19 ရောဂါဖြစ်ပွားချိန်ကာလတွင် ယခင်လောက် ရောင်းအားမကောင်းသော်လည်း တစ်ပိုင်တစ်နိုင် လုပ်ငန်းများဖြစ်၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ကိုကျော်စွာ(ပြန်/ဆက်)