တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

နေပြည်တော် ၂၅ ဖေဖော်ဝါရီ

 

 

မင်္ဂလာပါ Myanmar Digital News ပရိတ်သတ်အတွက် တစ်ပတ်အတွင်း သိပ္ပံနဲ့ နည်းပညာသတင်းများ  စုစည်းမှုကနေ ကြိုဆိုလိုက်ပါတယ်။ ဒီကဏ္ဍဟာ တစ်ပတ်အတွင်း သိပ္ပံနဲ့နည်းပညာရပ်ဝန်းက တီထွင်ဆန်းသစ်မှုတွေနဲ့ ရှာဖွေတွေ့ရှိမှု အသစ်အသစ်တွေကို စုစည်းတင်ပြတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။

 

 

ယခုတစ်ပတ်အတွက် ပထမဆုံးတင်ပြလိုတဲ့ သတင်းတစ်ရပ်ကတော့ လူတွေဟာ အကြိုက်ဆုံး တေးသီချင်းတွေကို ထပ်ကာထပ်ကာနားထောင်ပြီး သူတို့ရဲ့ စိတ်ညစ်စရာတွေကို ကုစားလေ့ရှိတယ်ဆိုတဲ့ သတင်းပါ။ ချီကာဂိုပြည်နယ် မီချီဂန် တက္ကသိုလ်က သုတေသနပြုလုပ်သူတွေဟာ အွန်လိုင်းပေါ်မှာ မေးခွန်းတွေပြုစုပြီး ဖြေဆိုမှုတွေကို လေ့လာရာမှာ ၈၆ ရာခိုင်နှုန်းဟာ တစ်ပတ်အတွင်း ဒါမှမဟုတ် နေ့စဉ် နှစ်သက်ရာသီချင်းတွေကို အကြိမ်ကြိမ်အခါအခါ နားထောင်လေ့ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ သုတေသနမှာ ပါဝင်ခဲ့သူ ဂီတပညာ တွဲဖက်ပါမောက္ခ ဂျေဆန်ကော်ရေး ကတော့ “ သီချင်းကို ထပ်ကာထပ်ကာ နားထောင်နေရတဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ အဓိကအားဖြင့်တော့ သီချင်းရဲ့ တေးသွားပေါ့” လို့ ပြောခဲ့ပါတယ်။ နှစ်သက်တဲ့ သီချင်းကို ပိုနားထောင်ဖြစ်လေလေ နက်နက်ရှိုင်းရှိုင်း ကြားယောင်လေပဲလို့ ဆိုထားပါတယ်။

 

 

နောက်ထပ် ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှု တစ်ခုကတော့ မက္ကဆီကိုက ကမ္ဘာ့အကြီးဆုံး ရေအောက် ဥမင်ထဲမှာ ရှေးဟောင်း ကျောက်ဖြစ် ရုပ်ကြွင်းတွေ ရှာဖွေတွေ့ရှိတဲ့ သတင်းပါ။ မက္ကဆီကို မနုဿဗေဒနှင့် သမိုင်းဆိုင် ရာအဖွဲ့ (INAH) က ထောက်ပံ့ပေးထားတဲ့ ရှေးဟောင်းသုတေသနသမားများဟာ ဥမင်အတွင်းကို ရေငုပ်ပြီး ရှာဖွေရာကနေ နှစ်သန်းပေါင်း သုံးသန်းကနေ နှစ်ပေါင်း နှစ်သောင်းကျော်အထိရှိတဲ့ မျောက် မောင်းမနဲ့ ဝက်ဝံတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရုပ်ကြွင်းများအပြင် စစ်နတ် ဘုရားတစ်ပါးအဖြစ်သိထားတဲ့ မာယာနတ်ဘုရားရဲ့ ဗိမာန်နဲ့ လူ့အသုံးအဆောင်ပစ္စည်းများ၊ နံရံဆေးရေး ပန်ချီများနဲ့ လူရိုးစုများကိုလည်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 

 

နည်းပညာရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အကျိုးရှိသလို အလွဲသုံးစားပြုပြီး ဆိုးကျိုးတွေဖြစ်လာမှာကိုလည်း စိုးရိမ်လာရပါပြီ။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ နိုင်ငံရေးလောကမှာ ဉာဏ်ရည်တုနည်းပညာ (Artificial intelligence-AI) ကို အလွဲသုံးစားပြုလာမှာကို စိုးရိမ်ရကြောင်း ကျွမ်းကျင် ပညာရှင်တွေက သတိပေး လိုက်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာ အာဏာရှင်တွေနဲ့ မသမာသူတွေက အဆင့်မြင့်နည်းပညာတွေသုံးပြီး စုံစမ်းထောက်လှမ်းလာနိုင်ကြောင်းနဲ့ အွန်လိုင်းပေါ်မှာ လူမပါဘဲ ဆော့ဖ်ဝဲလ်အကူအညီနဲ့ သတင်းအချက်အလက်တွေကို ထိုးဖောက်ရယူနိုင်ကြောင်းကို ထောက်ပြပြောဆိုခဲ့ကြပါတယ်။  ဉာဏ်ရည်တုကို အသုံးပြုပြီး ခြိမ်းခြောက်မှုတွေ လုပ်လာနိုင်ကြောင်း လေ့လာမှုပြုလုပ်ခဲ့တဲ့ ကိန်းဘရစ် စင်တာရဲ့ အမှုဆောင်အရာရှိ Existential Risk က ပြောပါတယ်။  အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေမှာ အလိုအလျောက် ဒရုန်းတွေသုံးလာမှာကိုလည်း စိုးရိမ်နေရပါတယ်။ ပညာရှင်တွေဟာ ဉာဏ်ရည်တု နည်းပညာနဲ့ပတ်သက်ပြီး စည်းမျဉ်းဥပဒေတွေ ထပ်ထည့်ကြဖို့ အဆိုပြု ထားကြပါတယ်။

 

 

နောက်ထပ် ထူးခြားတဲ့အကြောင်းကတော့ ပထမကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့တဲ့ စစ်သားတစ်ဦးရဲ့ ရုပ်အလောင်းကို DNA တိုက်ဆိုင် စစ်ဆေးပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တဲ့ အကြောင်းပါ။ ပထမ ကမ္ဘာစစ်အတွင်း ၁၉၁၆ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ကြာမြင့်ခဲ့တဲ့ ဗာဒန် တိုက်ပွဲမှာ ကျဆုံးခဲ့သူ ပြင်သစ်စစ်သားတစ်ဦးရဲ့ ရုပ်အလောင်း အကြွင်းအကျန်ကို ၂၀၁၅ ခုနှစ်က ဒိုးရ်မောင့် အထိမ်းအမှတ် အဆောက်အအုံ လုပ်ငန်းခွင်တစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ စစ်သားဟာ တပ်ကြပ်ကြီးအဆင့်ရှိသူ ကလာ့ဒ်ဖော်နီယာ ဖြစ်ကြောင်း DNA တိုက်ဆိုင်စစ်ဆေးပြီး အတည်ပြု နိုင်ခဲ့ပါတယ်။

 

 

အတည်ပြုနိုင်ဖို့အတွက် တွေ့ရှိထားတဲ့ရုပ်ကြွင်းကို စစ်ဘက်ဆိုင်ရာမှတ်တမ်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးခြင်း၊ အသက် ၇၅ နှစ် အရွယ်မြေးဖြစ်သူနဲ့ ဆွေမျိုးတော်စပ်သူလို့ ယူဆရတဲ့ အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦးကို ရှာဖွေခဲ့ပြီး DNA တိုက်ဆိုင် စစ်ဆေးခဲ့ခြင်းများ ပြုလုပ်ခဲ့ရပါတယ်။ အဲ့ဒီနောက် မျက်နှာပုံတူခွဲခြားနိုင်ဖို့ ထင်ရှားတဲ့ မှတ်တမ်းဓါတ်ပုံ မရှိတာကြောင့် ပဲရစ်မှုခင်းဆေးဘက်ဆိုင်ရာ အကူအညီနဲ့ မတူညီတဲ့ ပုံတူမျက်နှာဖန်တီးကာ တပ်ကြပ်ကြီး ကလာ့ဒ်ဖော်နီယာနှင့် ၎င်းရဲ့တပ်ဖွဲ့ အုပ်စုလိုက်ရိုက်ထားတဲ့ ပုံကိုတိုက်ဆိုင်ပြီး ရွေးထုတ်ခဲ့ရပါတယ်။ အဆင့်ဆင့် ကြိုးစားပြီး နောက်ဆုံးမှာတော့ တပ်ကြပ်ကြီး ကလာ့ဒ်ဖော်နီယာ အဖြစ် အတိအကျ အတည်ပြုနိုင်ခဲ့ပြီး အဆိုပါ တပ်ကြပ်ကြီးဟာ စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်တစ်ယောက်အဖြစ် ဒိုးရ်မောင့် အောက်မေ့ဖွယ် အထိမ်းအမှတ် အဆောက်အအုံမှာ အနားယူခွင့်ရပြီဖြစ်ပါတယ်။

 

 

နောက်တစ်ပုဒ်အနေနဲ့ အာရှဆင်တွေဟာ လူတွေလိုပဲ မတူ ကွဲပြားတဲ့ စရိုက်လက္ခဏာ ရှိတဲ့ အကြောင်း တင်ဆက်မှာဖြစ်ပါတယ်။ ဖင်လန်နိုင်ငံ တထ်ကူး တက္ကသိုလ်မှ သုတေသီတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ သစ်ဆွဲဆင်တွေ အကြောင်းကို လေ့လာခဲ့ကြရာ အာရှဆင်တွေမှာ မတူကွဲပြားတဲ့ စရိုက်လက္ခဏာ အချက်သုံးချက်ကို အထင်အရှား တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချက်တွေဟာ အသိဉာဏ် သတိရှိမှု၊ လူမှုရေးရာ နားလည်မှုနဲ့ ရန်လိုမှုတွေ ဖြစ်တယ်လို့ သုတေသီတွေ သတ်မှတ်ထားပါတယ်။

 

 

အသိဉာဏ် သတိရှိမှုဟာ  ဆင်တစ်ကောင်အတွက် သူရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်မှုနဲ့ ဆက်စပ်နေပါတယ်။ လူမှုရေးရာ နားလည်တယ်ဆိုရာမှာလည်း ဆင်တစ်ကောင်ဟာ အခြားဆင်တွေနဲ့ရော လူတွေနဲ့ပါ ဘယ်လိုရင်းနှီးမှု ရယူရမလဲဆိုတာ သဘောပေါက်ကြတယ်။ ဒါကြောင့် သူတို့ဟာ ရင်းနှီးဖော် ကျွမ်းဝင်ဖက်တွေအဖြစ် နာမည်ကျော်ကြတာပါ။ ဆင်တစ်ကောင်ဟာ အခြားဆင်တွေကို ဘယ်လိုရန်စ ရမလဲဆိုတာနဲ့ ဘယ်လို တုန့်ပြန်ရမလဲဆိုတာကို သိရှိကြတယ်လို့ တထ်ကူးတက္ကသိုလ် ဇီဝဗေဒဌာနမှ လေ့လာချက်ကို ဘွဲ့လွန်သုတေသီ မာတင်ဆော့လ်တ်မန်းက ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

 

 

နောက်ဆုံး အကြောင်းအရာအနေနဲ့ ဥရောပ ကျောက်ခေတ်လူသားတွေဟာ ထင်ထားတာထက် ပိုပြီး ခေတ်မီခဲ့ကြတယ်ဆိုတဲ့အကြောင်း နိုင်ငံတကာ သုတေသီတွေက ထုတ်ဖော်ပြောကြားလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ကမ္ဘာ့ရှေးအကျဆုံးလို့ ယူဆရတဲ့ နှစ်ပေါင်းနှစ်သောင်းကျော်က ဥရောပကျောက်ခေတ် နံရံဆေးရေးပန်းချီလက်ရာတွေကို တွေ့ရှိခဲ့ပြီး ယနေ့ခေတ် လူသားတွေတွေးခေါ်ပုံနဲ့ အတော်ဆင်တူမှု ရှိတယ်လို့ သိရပါတယ်။

 

 

သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်သောင်းလေးထောင်ခန့်ကတည်းက လက်ရာတွေကို ဖန်တီးခဲ့ကြတာ ဖြစ်ပြီး ခေတ်သစ်လူသားတွေထက် နှစ်ပေါင်း နှစ်သောင်း ထက်မနည်းစောကာ အာဖရိကကနေ ဥရောပကို ရောက်ရှိခဲ့တာ ဖြစ်ကြောင်း၊ တွေ့ရှိထားတဲ့ လက်ရာတွေကိုလည်း ရေးဆွဲခဲ့ကြတာလဲ ဥရောပ ကျောက်ခေတ်လူသားတွေဘဲ ဖြစ်တယ်လို့ ပြောကြားပါတယ်။

 

 

အနီရောင်နဲ့ အနက်ရောင်ဆေးများ သုံးစွဲထားတဲ့ နံရံဆေးရေးပန်းချီတွေဟာ လူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ်မှာ အခြေခံကျတဲ့ အစအဦးပဲဖြစ်တယ်လို့ ဆင့်ကဲမနုဿဗေဒ မက်စ်ပလန့်က် တက္ကသိုလ်တွဲဖက် အကြီးအကဲ ဒါ့ခ်ဟော့ဖ်မန်းရဲ့ ပြောကြားချက်အရ သိရကြောင်း တင်ပြရင်း ဒီတစ်ပတ်အတွက် သိပ္ပံနှင့် နည်းပညာသတင်းများ စုစည်းဖော်ပြမှုကနေ နှုတ်ဆက်လိုက်ရပါတယ်။

 

 

MDN