တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

၃ မတ်

 

မင်္ဂလာပါ Myanmar Digital News ပရိတ်သတ်အတွက် တစ်ပတ်အတွင်း သိပ္ပံနဲ့ နည်းပညာ သတင်းများ စုစည်းမှုကနေ ကြိုဆိုလိုက်ပါတယ်။ ဒီကဏ္ဍဟာ တစ်ပတ်အတွင်း သိပ္ပံနဲ့ နည်းပညာ ရပ်ဝန်းက တီထွင် ဆန်းသစ်မှုတွေနဲ့ ရှာဖွေတွေ့ရှိမှု အသစ်အသစ်တွေကို စုစည်းတင်ပြတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။

 

 

ယခုတစ်ပတ်အတွက် ပထမဆုံး တင်ပြလိုတဲ့ သတင်းကတော့ ဆမ်ဆောင်းဟာ စွမ်းဆောင်ရည် အသစ်တွေနဲ့ Galaxy S9 ကို စတင် မိတ်ဆက်လိုက်တဲ့ သတင်းပါ။ ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ မိတ်ဆက်ပွဲမှာ S9 ရဲ့ ဒီဇိုင်းဟာ S8 ရဲ့ ဒီဇိုင်းနဲ့ ကွာခြားမှု သိပ်မရှိပေမဲ့ အသံပိုင်းမှာ ပိုမို ကောင်းမွန်လာပြီး မိမိရုပ်ပုံနဲ့ မျက်နှာပြောင် စတစ်ကာတွေ ဖန်တီးနိုင်တဲ့ ဆော့ဖ်ဝဲလ်တွေ ပါဝင်လာတာကို တွေ့ရပါတယ်။ ထူးခြားမှု အနေနဲ့ Galaxy S သမိုင်းတစ်လျှောက် S9 မှာ ကင်မရာ နှစ်လုံးကို ပထမဆုံးအကြိမ် ထည့်သွင်းထားတာ တွေ့ရပါတယ်။ S9 ကို ဒေါ်လာ ၁၀၅၅၊ မြန်မာငွေ ၁၄ သိန်းကျော်နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားတာမို့ ကင်မရာဖွင့်ပြီး ဓာတ်ပုံရိုက်ရုံနဲ့ အလိုအလျောက် ဘာသာပြန်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

ဆက်သွယ်ရေး နည်းပညာ တိုးတက်လာတဲ့နောက်ပိုင်း အနာဂတ်မှာ 5G ကွန်ရက် ဆက်သွယ်ရေးစနစ် အကောင်အထည်ဖော်ဖို့ ကုန်သွယ်ရေး ပြပွဲတစ်ခုကို ဘာစီလိုနာမှာပဲ ကျင်းပခဲ့ပါသေးတယ်။ ကုမ္ပဏီ ၂၀ဝဝ ကျော် တက်ရောက်ခဲ့ပြီး လက်ရှိစံနှုန်းထက် ၁၀ မြန်ဆန်တဲ့ 5G ဆက်သွယ်ရေး နည်းပညာကို ဝန်ဆောင်မှုပေးနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ အဲဒီလို ကြိုးစားနေကြရာမှာ တောင်ကိုရီးယားကတော့ 5G ဝန်ဆောင်မှုကို လာမယ့်နှစ်အတွင်း ပေးနိုင်တော့မယ်လို့ ပြောဆိုထားပြီး ဂျပန်ကလည်း ၂၀၂၀ မှာ ဝန်ဆောင်မှု ပေးနိုင်လိမ့်မယ်လို့ ကုန်သွယ်ရေးပြပွဲမှာ ပြောဆိုခဲ့ပါတယ်။

 

ကမ္ဘာ့ ဆက်သွယ်ရေး စနစ်မှာ 5G ကို တက်လှမ်းနိုင်ဖို့ ကြိုးစားနေကြသလို နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ Vadafone ၏ ဂျာမနီဌာနခွဲနဲ့ Nokia ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လကမ္ဘာမှာ 4G ကွန်ရက် ဆက်သွယ်ရေး စနစ် အသုံးပြုနိုင်ဖို့ အားထုတ်နေပါတယ်။ ၂၀၁၉ ခုနှစ်တွင် လကမ္ဘာမှာ 4G ကွန်ရက် ဆက်သွယ်ရေး စနစ်ကို စတင်အသုံးပြု နိ်ုင်တော့မယ်လို့ လန်ဒန်အခြေစိုက် ဆက်သွယ်ရေးကွန်ရက် တည်ထောင်သူ Vadafone က ထုတ်ပြန်ထားပါတယ်။ 4G ကွန်ရက် ဆက်သွယ်ရေးစနစ် အကူအညီနဲ့ လကမ္ဘာပေါ်ကနေ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်မှုများကို ကမ္ဘာပေါ်ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး လကမ္ဘာပေါ်ကို ဆင်းသက်မယ့် ယာဉ်နဲ့ အာကာသယာဉ်ကို ဆက်သွယ်ရာမှာလည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

 

4G ဆက်သွယ်ရေး ကွန်ရက်မှာတော့ အာကာသ ယာဉ်တွေမှာ စွမ်းအင်ပိုမို သိမ်းဆည်းနိုင်ပြီး လကမ္ဘာပေါ် ဆင်းသက်သည့် ယာဉ်ကနေ အာကာသယာဉ်ကို အချက်အလက် ပေးပို့ရာမှာ စွမ်းအင် လေလွင့်မှု နည်းပါးကြောင်း သိရပါတယ်။

 

နောက်ဆုံး အကြောင်းအရာ အနေနဲ့ ရုရှား အာကာသယာဉ်မှူး တစ်ဦးနဲ့ အမေရိကန် အာကာသ ယာဉ်မှူး နှစ်ဦး ပါဝင်တဲ့ ဆိုယုဇ် MS-06 အာကာသယာဉ်ဟာ နိုင်ငံတကာ အာကာသ စခန်းတွင် ခြောက်လ တာဝန်ထမ်းဆောင်ပြီး ကမ္ဘာမြေကို အောင်မြင်စွာ ပြန်လည်ဆင်းသက် နိုင်ခဲ့တဲ့ သတင်းပါ။ ရုရှားနိုင်ငံသား အလက်ဇန္ဒား မီဆာကင်၊ အမေရိကန် နိုင်ငံသား မာ့ခ် ဗန်ဒီဟီ (NASA) နဲ့ ပညာရေး ဝန်ထမ်းဟောင်း ဂျိုးအက္ကဘာ (NASA) တို့ သုံးဦးဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့က ထွက်ခွာသွားခဲ့တာဖြစ်ပြီး နိုင်ငံတကာ အာကာသစခန်းမှာ တာဝန်ထမ်းဆောင်စဉ် ကမ္ဘာမြေကို ၂၆၈၈ ကြိမ်လှည့်ပတ်ခဲ့ပြီး ကီလိုမီတာ သန်းပေါင်း ၁၁၄ ဒဿမ ၅ ခရီးရှိတယ်လို့လဲ သိရပါတယ်။ အာကာသယာဉ်မှူး သုံးဦးဟာ အပူချိန် သုညဒီဂရီအောက် ကျဆင်းနေပြီး နှင်းတွေ ဖုံးလွှမ်းနေတဲ့ ကာဇက်စတန်မြို့တော် အရှေ့တောင်ဘက် ၁၄၇ ကီလိုမီတာ အကွာက လွင်ပြင်ပေါ်ကို လေထီးနဲ့ ဆင်းသက်နိုင်ခဲ့တာဖြစ်ပြီး ဒေသစံတော်ချိန် ၂ နာရီ ၃၁ မိနစ်မှာ ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

MDN