တာချီလိတ်  ၂၃  စက်တင်ဘာ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံသားများအပါအဝင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်မှုမှာ ယခုနှစ် စက်တင်ဘာ ၁၄ ရက်မှစ၍ ခုနစ်ရက်အတွင်း စုစုပေါင်း(၂ဝ,၉၅၉)ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့အထိ သွားရောက်သူ ၅၃ ဦးနှင့် ဗီဇာဖြင့် လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည် ၁၂၁ ဦးတို့ ပါဝင်ကြောင်းနှင့် အများဆုံးမှာ တာချီလိတ်မြို့တွင် ညအိပ်နှင့် နေ့ချင်းပြန် ဧည့်သည်များ များပြားကြောင်း သိရသည်။

 

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် တာချီလိတ်မြို့တွင်းအပါအဝင် မိုင်းဖြတ်၊ ကျိုင်းတုံအပြင် ဗီဇာဖြင့် ဝင်ရောက်ပြီး လေယာဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက် လည်ပတ်မှုများလည်း ရှိကြောင်းသိရသည်။

 

 

ယခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂ဝ ရက်အထိ တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်လာသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် စုစုပေါင်းမှာ ၄၄၃၉၁၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

 

တာချီလိတ်မြို့တွင် ခရီးသွားများလည်ပတ်မှုအများဆုံးမှာ တာလော့ဈေး၊ ဘုရင့်နောင်ရင်ပြင်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ မြို့မဈေး၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့တွင်လည်း အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်လေ့ရှိကြောင်း 
သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)