မြဝတီ   ၂၂  ဧပြီ

တစ်ရက်လျှင် လူတစ်ထောင်ကျော်ခန့်ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မည့် Cobas 6800 MPCR စက်ကြီးအပါအဝင် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည့် ကွန်တိန်နာမော်တော်ယာဉ်ကြီး သုံးစီးသည် ယနေ့ မွန်းလွဲ ၂ နာရီခန့်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ မြဝတီနယ်စပ် အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် သယ်ဆောင်လာပြီး ရန်ကုန်မြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့် စက်အပါအဝင် ငွေကျပ် သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ ပစ္စည်း များကို AA Medical Products. Ltd က ဧပြီ၅ ရက်က ကျိုက္ကဆံအားကစားကွင်း ပြည်ထောင်စုခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရပြီး ယင်းစက်ကို ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းတွင် ထားရှိစစ်ဆေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

“ဒီနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်မှာ ထိုင်းနိုင်ငံဘက်ကနေ မြဝတီနယ်စပ် အမှတ်(၂) တံတားကတစ်ဆင့် ကွန်တိန်နာကားတွေနဲ့ သယ်ဆောင်ပြီး မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်မှာ မြဝတီမြို့ကနေ ရန်ကုန်ကို ဆက်လက် ထွက်ခွာသွားပါတယ်” ဟု ကရင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

မြဝတီဒုတိယခရိုင်အုပ်ချုပ်ရေးမှူး အောင်ချမ်းငြိမ်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြဝတီ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဦးနှင့် တာဝန်ရှိသူများက အဆိုပါ စက်များအား ရန်ကုန်သို့ ဆက်လက် ပို့ဆောင်နိုင်ရေး လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင် (ပြန်/ဆက်)