ပြည်စိုးညိမ်း

 

ရုရှားနှင့် မြန်မာ

မြန်မာနှင့် ရုရှား။

သူ့နိုင်ငံ သူ့အရေးကလည်း

ကိုယ့်နိုင်ငံ ကိုယ့်အရေးလိုပါ့

ကိုယ့်နိုင်ငံ ကိုယ့်အရေးကိုလည်း

သူ့နိုင်ငံ သူ့အရေးရယ်သို့

ရှေးရှုစိတ်ထား။

 

ယနေ့သည် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်၏ ဒုတိယမြောက်နေ့ရက်ဖြစ်သည်။ ရာသီဥတုမှာ မော်စကိုမြို့၏ ကောင်းကင် တစ်ခွင်ဝယ် သာယာကြည်လင်လျက်ရှိသည်။ အပူချိန်မှာ ၄ ဒီဂရီစင်တီဂရိတ်မျှရှိမည်ထင်၏။ အဆောက်အအုံများအတွင်း၌မူ နေရာမလပ်အနွေးပေးစက်များ စီမံထားရှိသဖြင့် အခန်းတွင်း အပူချိန်မှာ မသိသာလှသော်လည်း ပြင်ပ၌မူ အအေးဓာတ်က လွှမ်းခြုံလျက်ရှိနေသေး၏။

 

ခရီးစဉ်ဒုတိယနေ့အတွက် တစ်နေ့တာအတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းအချိန်ဇယားတို့မှာ များပြားလှသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဖက်ဒရယ် ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခြင်း စသည်ဖြင့်လေးနက်ကျယ်ပြန့်သော တာဝန်ဝတ္တရားများက အရုဏ်ဦးနေ့သစ်နှင့် အတူ အသင့်စောင့်ကြိုနေသည်။

 

အမိမြန်မာနိုင်ငံတော်၏ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများကလည်း ထိုတာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရန်အလို့ငှာ မော်စကိုမြို့၏ နံနက်အရုဏ်ဦးနှင့်အတူ နိုးကြား ဖျတ်လတ်စွာ အသင့်ရှိနေကြသည်။

 

ပထမဆုံးအစီအစဉ်အရ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ လုံခြုံရေးယာဉ်တန်းများ ခြံရံထားသည့် အထူးယာဉ်တန်းဖြင့်ထွက်ခွာ၍ လွမ်းသူ့ပန်းခွေချ အလေးပြုသည်။

 

နိုင်ငံတော်အကြီးအကဲသည် ရှေ့ဆောင်စစ်သည်နှစ်ဦး ဦးဆောင်၍ လွမ်းသူ့ပန်းခွေအား သယ်ဆောင်ပြီး အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချအလေးပြုလျက်ရှိစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သီချင်းကို တီးမှုတ်သည်။

 

အကြီးအကဲသည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုခံယူပြီး တာဝန်ရှိသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ထိုသို့နှုတ်ဆက်နေစဉ် အနွေးစစ်ဝတ်များဖြင့် ညီညာစွာ သက်ဝင်လှုပ်ရှားနေသော ဂုဏ်ပြုတပ်ဖွဲ့သည် မြန်မာ့တပ်မတော်စစ်သီချင်းများဖြင့် ထပ်မံတီးမှုတ် ဂုဏ်ပြုခဲ့သည်။

 

ထိုနေ့နံနက်ပိုင်းမှာပင် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu အား ၎င်း၏ အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံဆွေးနွေးသည်။

 

လုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ရင်းနှီးနွေးထွေးစွာ ဆီးကြိုနှုတ်ဆက်၍ ခန်းမအတွင်းသို့ ဦးဆောင်ခေါ်ယူသည်။ ဆွေးနွေးပွဲစတင်သည်နှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်လျက်ရှိမှု အခြေအနေများကို မင်္ဂလာရှိစွာ စတင်ဆွေးနွေးသည်။ သည့်နောက်တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပိုမိုမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆက်လက်ဆွေးနွေးကြသည်။ မိမိတို့နိုင်ငံတွင် မကြာမီကာလအတွင်း နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ဆင်ယင်ကျင်းပတော့မည့်နည်းတူ ရုရှားနိုင်ငံ၌လည်း နှစ်(၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ ကျင်းပတော့မည်ဖြစ်သည်။ လုံခြုံရေးကောင်စီအတွင်းရေးမှူးက ထိုအခမ်းအနားကြီးသို့ မြန်မာကိုယ်စားလှယ်များ တက်ရောက်ရေးနှင့် အခြားသော လုံခြုံရေးဖိုရမ်များ၌လည်း မြန်မာကိုယ်စားလှယ်များ ဖိတ်ခေါ်ခြင်းဆိုင်ရာအကြောင်း ကိစ္စများကို ပြန်လည်ဆွေးနွေးခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်းက ကျင်းပပြီးစီးခဲ့သည့် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့လည်း မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ဖြစ်သည်။

 

လုံခြုံရေးကောင်စီ အတွင်းရေးမှူးအား နိုင်ငံတော်အကြီးအကဲက ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့၊ စည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်းအားဖြင့် တွေ့ဆုံပွဲကို လှပစွာ အနားသတ်လိုက်သည်။ တွေ့ဆုံပွဲအပြီးတွင် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

 

 

mdn

 

ထို့နောက် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒူးမား လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် တွေ့ဆုံဆွေးနွေးရန် စီမံဆောင်ရွက်ကြပြန်သည်။ အချိန်မှာ ဒေသစံတော်ချိန် နံနက်ပိုင်းမှာပင် ရှိနေ သေး၏။ မြန်မာကိုယ်စားလှယ်အဖွဲ့၏ အချိန်ရှိခိုက်လုံ့လစိုက်၍ ကြိုးပမ်းနေကြပုံများမှာ နှစ်ထောင်း အားရဖွယ်ဖြစ်သည်။

 

နိုင်ငံတော်အကြီးအကဲနှင့် ကိုယ်စားလှယ်များ ဒူးမားလွှတ်တော်အဆောက်အအုံသို့ ရောက်ရှိသည်နှင့် ကြိုတင်ရောက်ရှိနေရာယူထားသော ဒူးမားလွှတ်တော်ဥက္ကဋ္ဌက ဖက်လဲတကင်း ဆီးကြိုနှုတ်ဆက်၍ အတူတကွ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

တွေ့ဆုံပွဲတွင် ဒူးမားလွှတ်တော်၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှု၊ လွှတ်တော်နှင့်ပါတီများ ဖွဲ့စည်းထားရှိမှု၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား လွှတ်တော်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမည့်အခြေ အနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက တာဝန်ယူဆောင်ရွက်ခဲ့ရမှုနှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးကြသည်။ ဆက်လက်၍ ရုရှား နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ ကျင်းပချိန်၌ ထောက်ခံအားပေးသွားမည့် အခြေအနေများ၊ ပြည်ပမှအကူအညီများရယူသည့် ပါတီများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမှုအခြေအနေများ၊ မြန်မာနိုင်ငံလွှတ်တော်များ အဆင့်ဆင့်ဖွဲ့စည်းထားရှိမှုနှင့် ရွေးကောက်ပွဲ ကျင်းပမှုပုံစံများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ကြမည့် အခြေအနေများကိုလည်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

 

အချိန်တို့မှာ တရိပ်ရိပ်ကုန်ဆုံးလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲနှင့် ကိုယ်စားလှယ်အဖွဲ့ဝင် များမှာမူ တွေ့ဆုံဆွေးနွေးမှုများနှင့် လုပ်ငန်းဆောင်တာများအကြား ခေါင်းမဖော်နိုင်စတမ်း မအားလပ်နိုင်အောင် အလုပ်များလျက်ရှိရာ နေ့လယ်ပိုင်းသို့ ရောက်သွားသည်ကိုပင် သတိထားမိကြပုံ မပေါ်။

 

 

ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ရုရှားအစိုးရအဖွဲ့ အိမ်တော်အစည်းအဝေးခန်းမ၌ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံ ဆွေးနွေးရန် ဆက်လက်ထွက်ခွာခဲ့သည်။

 

ရုရှားအစိုးရအဖွဲ့အိမ်တော်သို့ ရောက်ရှိသည်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ရင်းနှီးလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ နှစ်ဖက် တာဝန်ရှိသူများတွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်သည်။

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ ချစ်ကြည်ရေးခရီးစဉ် လာရောက်မှုအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း နှုတ်ခွန်းဆက်စကားဆိုသည်။ အာရှပစိဖိတ် ဒေသတွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိကလုပ်ဖော်ကိုင်ဖက် မဟာမိတ်နိုင်ငံတစ်ခု ဖြစ်ကြောင်းကိုလည်း အလေးထား၍ပြောသည်။

 

နိုင်ငံတော်အကြီးအကဲက (၇၇) နှစ်ပြည့် မြောက်ကျော်လွန်ခဲ့ပြီဖြစ်သည့် သံတမန် ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ကောင်းမွန်လျက်ရှိပုံကို ပြောကြားသည်။ မိမိတို့အပေါ် ချစ်ခင်ရင်းနှီးစွာဖြင့် ကြိုဆိုနှုတ်ဆက်မှုအတွက် အလေးအနက်ထား၍ ကျေးဇူးစကားတုံ့ပြန်သည်။

 

သည့်နောက်တွင် ကုန်သွယ်မှုကဏ္ဍ၊ စက်မှု ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၊ အာကာသနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးများကို တိုးမြှင့်လုပ်ဆောင်သွားရန် ဆက်လက်ဆွေးနွေးကြသည်။ နိုင်ငံတော် အကြီးအကဲက နှစ်နိုင်ငံခရီးသွား လုပ်ငန်းများ အပြန်အလှန် တိုးတက်လာစေရေးနှင့် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဖိတ်ခေါ်ဆွေးနွေးသည်။ အခြားသော ဆောင်ရွက် ဖွယ်ရာများဖြစ်သည့် သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့် အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများ၏ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များနှင့် ပတ်သက်၍လည်း ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

ချစ်ကြည်ရေးခရီးစဉ်၏ ဒုတိယနေ့မှာ တွေ့ဆုံ ဆွေးနွေးပွဲများက အစီအရီနေရာယူလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲမှာ ပန်းတိုင်သို့ချီရာလမ်းဝယ် သမိုင်းတွင်မည့် သမိုင်းဝင်ခြေလှမ်းများကို မမောမပန်းနိုင် လျှောက်လှမ်းလျက်ရှိသည်။ “မျိုးစေ့မမှန် ပင်မသန်က၊ ဖူးတံငုံကင်း အသီးဖျင်း၏” ဟူသော ဆိုရိုးစကားရှိသည်။ ယခုအခါဝယ် မျိုးစေ့မှန်သဖြင့် အပင်သန်ရမည်ဟု အားလုံးက တူညီသောစိတ်ဆန္ဒတို့ဖြင့် မမှိတ်မသုန်ယုံကြည်ကြလျက်ရှိရာ မဝေး တော့သော ကာလတစ်ခုတွင် နိုင်ငံတော်၏နယ်ပယ် ကဏ္ဍအစုံ၌ ပွင့်သောပန်းတို့ လန်းလန်းစွင့်စွင့် ရှိကြပေတော့မည်။

 

 

ဒေသစံတော်ချိန် မွန်းလွဲပိုင်းသို့ပင် ရောက်ရှိလာချေပြီ။ နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် တွေ့ဆုံဆွေးနွေးရန် ရုရှားဖက်ဒရယ်ကောင်စီလွှတ်တော် သို့ ဆက်လက်ထွက်ခွာသည်။

 

ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်၍ ဧည့်သည်တော် မှတ်တမ်းစာအုပ်ရှိရာသို့ ခေါ်ဆောင်သည်။ နိုင်ငံတော်အကြီးအကဲက လွှတ်တော်၏ ဧည့်သည် တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ အကြီးအကဲနှင့် လွှတ်တော်ဥက္ကဋ္ဌတို့က မိမိတို့ အဖွဲ့ဝင်များနှင့် အပြန်အလှန်မိတ်ဆက်ပေးပြီး ဖက်ဒရယ်ကောင်စီလွှတ်တော် အစည်းအဝေး ခန်းမတွင် တွေ့ဆုံပွဲကို စတင်ကြသည်။

 

အဓိကအားဖြင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ အစိုးရအချင်းချင်း၊ နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်မှုအခြေအနေများ၊ လွှတ်တော်နှစ်ရပ်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်သွားမည့်အခြေအနေများကို ဆွေးနွေးကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲ ကျင်းပချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်မှ လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွား မည့်အခြေအနေနှင့် မြန်မာနိုင်ငံ၌ လွှတ်တော် ပြန်လည်ဖွဲ့စည်းပြီးချိန်တွင် လွှတ်တော်နှစ်ရပ် အကြားဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍လည်း အလေး အနက်ထား ဆွေးနွေးနိုင်ခဲ့ကြသည်။

 

နိုင်ငံတော်အကြီးအကဲမှာ မောသည်ပန်းသည် မရှိ၊ အစည်းအဝေးများ၊ တွေ့ဆုံဆွေးနွေးမှုများကို တစ်ပွဲပြီးတစ်ပွဲ အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိသည်။ ဆွေးနွေးပွဲများ တစ်လျှောက်လုံးတွင် အကြီးအကဲ၏တည်ကြည်သောစိတ်ဆန္ဒ၊ စွဲမြဲသောသန္နိဋ္ဌာန်စိတ်နှင့် တိုင်းပြည်အပေါ် ထားရှိသော စေတနာတို့ကို အထင်းသားမြင်ရသည်။ ပူးပေါင်း ဆောင်ရွက်သွားမည့် နယ်ပယ်များအလိုက် ပြန်လည်ဆွေးနွေးချက်များတွင်လည်း မြန်မာ့အမျိုးသား အကျိုးစီးပွားကိုဦးတည်သည့် ဆွေးနွေးချက်များသာ။ ချစ်ကြည်ရင်းစွဲဖြစ်သည့် ဆက်ဆံရေးကို အရင်းတည်သည်မို့ နှစ်ဖက်ကျေနပ်ဖွယ်ရာ အကြောင်းအရာများကို အပြည့်အဝဆွေးနွေးနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

 

အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံတော်အကြီး အကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ချစ်ကြည်ရေးခရီးစဉ် ဒုတိယနေ့အတွင်း တွေ့ဆုံဆွေးနွေးမှုများမှာ အမိနိုင်ငံတော်အတွက် သံတမန်ဆက်ဆံရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာ ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေး အစရှိသည့် နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများကို ရယူ ဆောင်ကြဉ်းပေးသည့် နေ့ရက်တစ်ရက်ဟု ဆိုရပါမည်။

 

မြန်မာနှင့် ရုရှားဆိုသည်ကား သူ့နိုင်ငံသူ့အရေးကလည်း ကိုယ့်နိုင်ငံ ကိုယ့်အရေးသဖွယ်ပင်။ တစ်ဖန် ကိုယ့်နိုင်ငံကိုယ့်အရေးကိုလည်း သူ့နိုင်ငံသူ့အရေးသို့ ရှေးရှုစာနာ ထောက်ကူဖေးမခဲ့ကြသည့် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံများဖြစ်ကြသည့် အားလျော်စွာ ချစ်ကြည်ရင်းနှီးမှုကို အခြေတည်၍ နိုင်ငံနှင့်ပြည်သူအကျိုးအတွက် တစ်သားတည်းပင် ကြားမထင်ဘဲ တွေ့ဆုံဆွေးနွေး နိုင်ခဲ့ကြသည်ဖြစ်ရာ ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) သို့ မနှေးအမြန်ရောက်ရှိတော့မည် ဖြစ်ပါကြောင်း နိုင်ငံသားတစ်ဦးအနေဖြင့် မမှိတ်မသုန် ယုံကြည်နေမိပါသည်။