mdn

ကိုရင်သြ - ရေးသားသည်

 

ဂြိုဟ်တုဖျက် ဒုံးလက်နက်တစ်မျိုးကို အိန္ဒိယနိုင်ငံက စမ်းသပ်ပစ်ခတ်ခဲ့ရာတွင် မလွဲဧကန် ပစ်မှတ် ထိမှန်ခဲ့ကြောင်း ဝန်ကြီးချုပ် နရိန္ဒြာမိုဒီက မတ် ၂၇ ရက်တွင်ကြွားကြွားဝင့်ဝင့် ကြေညာလိုက်ခြင်းသည်ကား တစ်ကမ္ဘာလုံးအတွက် တစ်မုဟုတ်ချင်း အံ့အားသင့်စရာ ဖြစ်ကြရ၏။ အာကာသလုံခြုံရေးနှင့်ပတ်သက်၍ လူးလာ တုံ့ခေါက် တွေးတောစရာဖြစ်ကြရ၏။

 

ဝန်ကြီးချုပ် မိုဒီ၏ လောလောလတ်လတ် အံ့ဖွယ်သူရဲ “လေးခင်းပြ”မှုကို တုံ့ပြန်လျက် အမေရိကန် အာကာသအေဂျင်စီ(နာဆာ) စီမံခန့်ခွဲရေးမှူး ဂျင်းဘရစ်ဒင်စတိုင်းက မဆိုင်းမတွ အပြစ်တင်ပြောဆိုခဲ့ပြန်ရာ လက်ခုပ်လက်ဝါးတီးသံများအကြား ပေါ်ထွက်ခဲ့သည့် ရှုတ်ချသံကို လုံးစေ့ပတ်စေ့ ကျွန်ုပ်လေ့လာ ကြည့်ရန် သတင်းစာမျက်နှာများ၏ လှစ်ဟချက်ကိုငဲ့စောင်းကြည့်မိလေ၏။

 

သတင်းစာမျက်နှာများကို လှန်လှောကြည့်မိသည့်အခိုက် ကမ္ဘာကိုလှုပ်ယမ်းလိုက်သည့် ဝန်ကြီးချုပ်မိုဒီ၏ မြွက်ဆိုချက်က အားရခမန်းရှိလှပါဘိတောင်း။ဒေါက်တာအေပီဂျေ အဗ္ဗဒူလ်ကာလမ်ကျွန်းမှနေ၍ ပဲ့ထိန်း ဒုံးကျည်တစ်လုံးကိုပစ်ခတ်ကာ ဂြိုဟ်တုဖျက်ဒုံးလက်နက်စမ်းသပ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ခြင်းမှာ အာကာသဆိုင်ရာ စ စ်ရေးစွမ်းပကားကို ပြသနိုင်မှုအဖြစ် ဝင့်ကြွားနိုင်သည်ကား အမှန်ပင်ဖြစ်၏။

 

ဂြိုဟ်တုဖျက်ဒုံး

 

အိန္ဒိယနိုင်ငံအတွက် ပထမဆုံးအကြိမ် ဂြိုဟ်တုဖျက်ဒုံးစမ်းသပ်မှုအတွင်း မြေပြင်မှဝေဟင်ပစ်(ဝါ) အာကာသ ပစ်ဒုံးတစ်မျိုးကိုအသုံးပြု၍ ကမ္ဘာ့အနိမ့်ပိုင်း ဂြိုဟ်ပတ်လမ်း အတွင်းရှိနေသော ကိုယ်ပိုင်ဂြိုဟ်တုတစ်လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခြင်းမှာ မကြုံစဖူးထူးထူးကဲကဲစစ်ရေးစစ်ရာ အာကာသနည်းပညာ ပိုင်ဆိုင်သော လက်ရွေးစင်အုပ်စုအတွင်းသို့ အိန္ဒိယနိုင်ငံ ဝင်ရောက်လာ နိုင်ခြင်းအဖြစ် ဝန်ကြီးချုပ် မိုဒီက ဝှဲချီးထိုက်စွာ စကား ဆိုခဲ့သည်။

 

ကမ္ဘာ့အနိမ့်ပိုင်း ဂြိုဟ်ပတ်လမ်း(ဝါ) လီယို(ဝါ) Low Earth Orbit ဟူသည်ကား ကမ္ဘာကိုဗဟိုပြုသော ဂြိုဟ်ပတ်လမ်းများတွင် ပါဝင်ပြီးလျှင် ပင်လယ်ရေ မျက်နှာပြင်အထက် ကီလိုမီတာ ၂၀ဝ၀ အောက်(ဝါ) ၁၀ဝ-၁၂၄၀ မိုင်အတွင်းရှိသည်ဟု ကျွန်ုပ်လေ့လာတွေ့ရှိရ၏။ အိန္ဒိယနိုင်ငံ၏ “ဒုံးဖခင်ကြီး”အဖြစ် မော်ကွန်း တင်နိုင်ခဲ့သူ ကွယ်လွန်သူသမ္မတဟောင်း ဒေါက်တာ အေပီဂျေ အဗ္ဗဒူလ်ကာလမ်အား ဂုဏ်ပြုသည့်အနေဖြင့် ခေါ်ဝေါ်သမုတ် အမည်ထုတ်ခဲ့သော အဆိုပါကျွန်းမှာ ဩရိဿပြည်နယ် ပင်လယ်ကမ်းရိုးတန်းကမ်းလွန်၌ တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော်ရှိ အဗ္ဗဒူလ်ကာလမ်ကျွန်းရှိ ဒုံးလက်နက်စမ်းသပ်ရေးကွင်းသည် ဒုံးလက်နက်အမျိုးမျိုးအတွက် စမ်းသပ်ပစ်ခတ်ရာ ကွင်းဖြစ်ပြီးလျှင် အိန္ဒိယနိုင်ငံအတွက် ဒုံးကျည်နည်းပညာအရ အဟုန်ပြင်းစွာ ဂုဏ်ယူဝင့်ကြွားစရာကောင်းလှသော စမ်းသပ်မှုအထူးထူးကို ပြုလုပ်ခဲ့ရာနေရာအဖြစ် အားလုံးက သိရှိကြကုန်၏။

 

ဒုံးစမ်းသပ်ရာ ကွင်းတစ်ကွင်း ဖန်တီးဖော်ထုတ်ပေးရန် ကာလမ်၏ပန်ကြားချက်အရ ဩရိဿအစိုးရအဖွဲ့က ၁၉၉၃ ခုနှစ်တွင် ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ အသုံးပြုနိုင်မည့် ကျွန်းတစ်ကျွန်းအဖြစ် သတ်မှတ် ပေးခဲ့သည်။

 

စောင်းမြောင်းခြင်းမရှိ

 

ရန်သူ၏ဂြိုဟ်တုများကို ဖျက်ဆီးရာတွင်လည်းကောင်း၊ ရန်သူကပစ်ခတ်လိုက်သော ပဲ့ထိန်းဒုံးများကို ကြားဖြတ်ဟန့်တားနိုင်ရန်လည်းကောင်း ဒုံးပစ်လွှတ်မှုနည်းပညာ အဆင့်မြင့်မားရန် လိုအပ်သည်။ ဂြိုဟ်တု ဖျက်ဒုံးလက်နက်စမ်းသပ်မှုကို “ရှခါတီး”မစ်ရှင်ဟူ၍ အမည်ပေးထားပြီးလျှင် ယခုစမ်းသပ်မှုသည် မည်သည့်နိုင်ငံကိုမျှ စောင်းမြောင်းခြင်း(ဝါ) ရည်ရွယ်ခြင်း မရှိကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့ သည်။

 

“အိန္ဒိယနိုင်ငံ၏ လုံခြုံရေးတိုးတက်ကောင်းမွန်မှုအတွက် ခွန်အားသစ်များဖြစ်စေသော လက်နက်စမ်းသပ်မှု တစ်ရပ်ဖြစ်ပါပေတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ တက်လှမ်း နိုင်အောင် မျှော်မှန်းဆောင်ရွက်ခြင်း လည်းဖြစ်ပေတယ်” ဟူ၍ သူက ဝိတ္ထာရချဲ့(ဝါ) အကျယ်ချဲ့ ပြောဆို၏။ အိန္ဒိယ၏ လက်နက်တန်ခိုးကို ကမ္ဘာသို့ အထင်အရှားပြသ၏။ အိန္ဒိယသားတို့ ဝံသ(ဝါ)အမျိုးအနွယ်အရမညံ့ပါဟူသော သဘောကိုဆောင်၏။ နဂါးမှန်းသိအောင် အမောက်ထောင်၊ မြွေပွေးမှန်းသိအောင် ပါးပျဉ်းထောင်ပြသည့်ပမာ က္ဘာသားတို့ ရင်သပ် ရှုမောအံ့ဩကြကာ စုတ်သပ်ကြရ၏။

 

ဂြိုဟ်တုခွင်းဒုံးနည်းပညာ ပိုင်ဆိုင်သော လက်တစ်ဆုပ်စာ အရေအတွက်ဖြစ်သည့် နိုင်ငံသုံးနိုင်ငံ(အမေရိကန်၊ တရုတ်နှင့် ရုရှား)နှင့်အတူ ရင်ပေါင်တန်းပြလိုက်သော အိန ́dယနိုင်ငံ၏ အဆန်းတကြယ် “တန်ခိုး” ပြကွက်ကို ကမ္ဘာကရှုစားကြရအပြီး မကြာ မတင်မှာပင် အမေရိကန် အာကာသအေဂျင်စီ(နာဆာ) စီမံခန့်ခွဲရေးမှူး ဂျင်းဘရစ်ဒင်စတိုင်းက ယင်းဆောင်ရွက်ချက်နှင့်ပတ်သက်၍ ဧပြီ ၁ ရက်တွင် ပြောင်ပြောင်တင်းတင်း ဟောဟောဒိုင်းဒိုင်း ဆိုယောင်မြည်တမ်းပြုခဲ့၏။ 

 

“အိန္ဒိယနိုင်ငံ၏ ဂြိုဟ်တုဖျက်ဒုံးလက်နက် စမ်းသပ်မှုသည် အာကာသအမှိုက် အပိုင်းအစပေါင်း ၄၀ဝ ထက်မနည်းကို ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်ပါတော့သည်” ဟူ၍ ဒင်စတိုင်းက အပြစ်ပြòန်းဆိုခဲ့သည်။

 

ဘေးထွက်ဆိုးကျိုး

 

အိန္ဒိယနိုင်ငံ၏ ဂြိုဟ်တုဖျက်ဒုံးလက်နက် စွမ်းပကား ပြသမှုသည် ယင်းနိုင်ငံအား အခြားနိုင်ငံများက “ရှိန်”အောင်(ဝါ)အဟန့်အတားပြုလက်နက် ပိုင်ဆိုင်သောနိုင်ငံအဖြစ် အသိအမှတ်ပြုခံရအောင် ပြုလုပ်ရာ ရောက်သည်ဟုလက်နက်ပါရဂူတို့က ရှုမြင်ကြသော်လည်း လုံခြုံရေး ရှုထောင့်မှ မဟုတ်မူ၍ အာကာသရေးရာ ရှုထောင့်မှကြည့်လျှင်(ဝါ) သိပ္ပံရေးရာဆုံမှတ်မှ သုံးသပ်လျှင် “ဘေးထွက်ဆိုးကျိုး”မရှိနိုင်ဟု မဆိုသာ။

 

အိန္ဒိယ၏ “အံ့ဖွယ်သူရဲပြကွက်”အတွက် စိတ်နှလုံး မသာမယာပြောဆိုသံများ ချက်ချင်းလက်ငင်း ပေါ်ထွက်လာပြန်ရာ ကြားရသူအပေါင်း မိန်းမောတွေဝေ ဖြစ်ကြရ ကုန်သည်။အိန ́dယ၏ လုပ်ဆောင် ချက်ကြောင့် ဘဝင်နှလုံးရွှင်ပြုံး နိုင်ခြင်းမရှိသူများတွင် က္ဘာတစ်ကြောရှိ အာကာသ နည်းပညာကုမ္ပဏီများနှင့် အ ̧အစည်းများ ပါဝင်သည်ဆို၏။ 

 

“အိန္ဒိယ၏ ဒုံးလက်နက်စမ်းသပ်ချက်ကို ကမ္ဘာက “ဘွိုင်းကောက်”လုပ်ချင်စရာ(ဝါ) သပိတ်မှောက်ချင်စရာ ကောင်းလှသည်”ဟူ၍ လှုံ့ဆော်သံများ၊ ငြာသံပေးသံများ “တွစ်တာ”လူမှုကွန်ရက်မီဒီယာပေါ် လွင့်ပျံ့သွားခဲ့ရာ “လေပြင်းထန်၍ တောမြိုင်ယံလည်း ဒေါသမာန်ထ ဟူးဟူးကြွ”ဟူဘိသို့ ဖြစ်ခဲ့ရပြန်ချေ၏။

 

အောင်လံတွေ ရောင်ပျံမြူးကာပါ့

 

အိန္ဒိယနိုင်ငံအတွက် “အောင်လံတွေ ရောင်ပျံမြူးကာပါ့”ဖြစ်ခဲ့ရသည့်တိုင် အာကာသလက်နက်နည်းပညာ ပြိုင်ပွဲကြီး ဖြစ်ပေါ်လာနိုင်သည့်အရေး ရတက်မအေးဖြစ်ကြရသူအပေါင်းက အာကာသအတွင်း ထင်တိုင်း မကြဲကြပါနှင့်၊ အာကာသအတွင်းသင်ပြုသော ပဲ့တင်သံ သင့်ထံပြန်လာမည် အစရှိသည်ဖြင့် မြည်တမ်း သမှုပြုကြလေသည်။ မှုန်ကုပ်ကုပ်ဖြင့် ကြည့်ကြလေသည်။ ဂြိုဟ်တုဖျက်ဒုံးဖြင့် ပစ်ခွင်းမှုကြောင့် အာကာသ အတွင်း အမှိုက်သရိုက်တိုးပွားမှုကိုဖြစ်စေပြီး ယင်းလုပ်ရပ်အတွက် သက်ဆိုင်ရာ နိုင်ငံက တာဝန်ယူမှု၊ တာဝန်ခံမှုရှိ အပ်သည်သာတည်းဟု အာကာသနည်းပညာကုမ္ပဏီများ က စူးစူးရှရှ အော်မြည်ကြ၏။

 

အိန္ဒိယ၏ ဂြိုဟ်တုဖျက်ဒုံးစမ်းသပ်မှုကို အကြောင်းပြု၍ လက်မွန်မဆွ ဝေဖန်လိုက်သူများတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်လည်း ပါဝင်သည်။ သူက -

 

“ကျွန်တော်တို့တစ်တွေ လူသားအားလုံး အာကာသ ထဲမှာ နေထိုင်ကြတယ်။ အာကာသကြီး သင့်ကြောင့် အမှိုက်မရှုပ်ပါစေနဲ့”ဟု ပွင့်ထွက်သည့်စကားကို တိတိရိရိဆိုခဲ့လေသည်။ “ရှခါတီး”မစ်ရှင်(ဝါ) ဂြိုဟ်တုဖျက်ဒုံးလက်နက်စမ်းသပ်မှု အထူးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဗြုန်းဗြင်း နောင်ဗြင်း ဝေဖန်ခြင်းအမှုကို ပြုလိုက်သူများတွင် အမေရိကန်နာဆာအကြီးအကဲက ဦးဆောင်ပါဝင်သည်။ သူက -

 

“အာကာသအမှိုက်တို့သည် တိမ်တိုက်ပမာ လွင့်မျောလျက်ရှိရာ အိန္ဒိယ၏လုပ်ရပ်ကြောင့် နိုင်ငံတကာ အာကာသစခန်းယာဉ်(အိုင်အက်စ်အက်စ်) ကိုဘေးအ္တရာယ်ပြု ခြိမ်းခြောက်သမှုရှိချေ၏”ဟူ၍ တလူးလူးတလဲလဲ ပတ်ကြမ်းတုတ်၏။ 

 

အိန္ဒိယ၏ဒုံးလက်နက်ကပစ်ချလိုက်သော ဂြိုဟ်တုမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ခြင်းကြောင့် ဖြစ်ပေါ် ရသော အမှိုက်အပိုင်းအစများအနက် အပိုင်းအစ ၂၄ ခုသည် နိုင်ငံတကာအာကာသစခန်းယာဉ်၏ ဂြိုဟ်ပတ်လမ်းအတွင်း အဝေးဆုံးအမှတ်(ဝါ) Apogee အထက်သို့ရောက်ရှိခဲ့သည်ဟု နာဆာက အတည်ပြု ခဲ့သည်။ ထိုသို့သောအခြေအနေသည် အဆိုပါစခန်းယာဉ်၏ လုပ်ဆောင်ချက်များကို ဘေးကျပ်ကျပ်နံကျပ် ဘေးဥပဒ် ပေးနိုင်စွမ်းရှိသည်ဟုလည်း သူက မချိတင်ကဲစကား ဆိုခဲ့သည်။

 

ကြောက်စရာကောင်း

 

နာဆာအကြီးအမှူး၏အဆိုအရ ဂြိုဟ်တုကိုဒုံးလက်နက်ဖြင့် ပစ်ခွင်းခြင်းသည် “ကြောက်စရာ ကောင်းသည့် လုပ်ရပ်” ဖြစ်သည်ဟုဆိုသည့်တိုင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အခြေစိုက် “မဟိန္ဒရာ”အုပ်စု အကြီးအကဲ အာနန်းမဟိန္ဒရာ က အိန္ဒိယနိုင်ငံ၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ဧပြီ ၄ ရက်တွင် ကာကွယ် ပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် ဆယ်စုနှစ်ပေါင်း များစွာကြာမြင့်သည့် ကာလတစ်လျှောက်လုံး အာကာသ အမှိုက်များကို ဖန်တီးခဲ့သည့်နိုင်ငံဖြစ်လင့်ကစား အိန္ဒိယ၏လုပ်ရပ်နှင့်ပတ်သက်၍ ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့ခြင်းမှာ “ကြောင်သူတော်” သဖွယ် ပြုမူခြင်းဖြစ်ကြောင်း မဟိန္ဒရာ အုပ်စုဥက္ကဋ္ဌက ဆိုသည်။ မဟိန္ဒရာ အုပ်စုသည် လေကြောင်းအာကာသနည်းပညာနှင့်နည်းပညာအမျိုးမျိုးအသုံးပြုသော လုပ်ငန်းနယ်ပယ်များ တွင် ပါဝင်လုပ်ကိုင်လျက်ရှိသော အထင်ကရစီးပွားရေး လုပ်ငန်းကော်ပိုရေးရှင်းကြီး ဖြစ်သည်။ 

 

နာဆာ ကိုယ်နှိုက်ပင်လျှင် အာကာသအတွင်း အမှိုက်ဖွနေသူဖြစ်ပြီး တန်ပြန်စွပ်စွဲဘိသကဲ့သို့ ဖြစ်နေပုံကို ရည်ညွှန်းလျက် ဓလေ့သုံးစကား(ဝါ) အီဒီယမ်အရ “ကြောင်သူတော်လိုမကျင့်နှင့်” "A case of the pot calling the kettle black" (ဖင်အိုးမည်းခရားအိုး ဖြူခရားလုပ်ပါဆို)ဟူ၍ မဟိန ́ရာက သုံးနှုန်း ဝေဖန်ခဲ့လေသည်။

 

မိုးပြိုမှာစိုး

 

အလားတူပင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ဂြိုဟ်တုဖျက်ဒုံးစမ်းသပ်မှုနှင့်ပတ်သက်၍ ကာကွယ် ပြောကြားခဲ့ရာတွင် -

 

“ဂြိုဟ်တုဖျက်ဒုံးစမ်းသပ်မှုကို ပြုလုပ်ရာ တွင်အာကာသအမှိုက်မဖြစ်ပေါ်စေရေးအတွက် ကမ္ဘာ့လေထုလွှာ အောက်ပိုင်းတွင်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခွင်းခံရသော ဂြိုဟ်တု၏ အပျက်အစီးအပိုင်းအစ များသည် ရက်သတ္တပတ်များအတွင်းမှာပင် ကမ္ဘာမြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းလာမည်သာ ဖြစ်ကြောင်း”ဟူ၏။

 

အိန္ဒိယ၏ဂြိုဟ်တုဖျက်ဒုံးစမ်းသပ်မှုကို အကြောင်း ပြု၍ ကမ္ဘာတစ်လွှား ဝေဖန်သံများ၊ နှုတ်တုံ့လှန် ပြောဆိုသံများ ဗိန်းဗောင်းမြည်ဟိန်းခဲ့ပုံကို ကြားယောင်မိရင်း “တစ်တီတူးငှက်မျိုး မိုးပြိုမှာစိုး”ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။

 

Ref: Mission Shakti: Anand Mahindra blasts NASA over comments on space debris (Bloomberg)PHOTO: INSIGHTS