ကမ္ဘာကြီးသည် ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားသည်။ လူတို့၏ အပြုအမူ၊ အနေအထိုင်၊ စိတ်နေသဘောထား၊ ရည်မှန်းချက်၊ မျှော်လင့်ချက်၊ နှစ်သက်သဘောကျမှု အစစသော ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုတို့ ပြောင်းလဲသွားသည်။

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုးက ပါရာဒိုင်း အပြောင်းအလဲတစ်ခုကို ဖန်တီးလိုက်သည်ဟုပင် ဆိုရချေမည်။ ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသော ကပ်ရောဂါကူးစက်ပြန့်ပွားမှုနှုန်းကို ထိန်းသိမ်းကာကွယ်နိုင်ရေး၊ ကုသ ပျောက်ကင်းနိုင်ရေး တို့သည်သာမက ကိုဗစ်အလွန် ကာလများအတွက်ကိုပါ များစွာစဉ်းစားနေကြရပြီတည်း။

 

နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ကူးလူး ရောင်းဝယ်ဖောက်ကားရေး၊ လူမှုဆက်ဆံရေး၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှု အစရှိသည်တို့ကိုပါ ကပ်ရောဂါဂယက်က ရိုက်ခတ်လာနေသည်။ နေရာစုံ ဝန်းကျင်အစုံစုံတွင်းရှိ ကိုဗစ်အခြေခံ စဉ်းစားဆင်ခြင်မှုက နယ်ပယ်အသီးသီးက ဦးဆောင်ဦးရွက်ပြုသူများကို လွှမ်းမိုးထား၏။ လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ ကျင့်ကြံပြုမူမှု၊ စဉ်းစားတွေးခေါ်မှုတို့သည် ကိုဗစ်ဘောင်ခတ် သတ်မှတ်မှုအတွင်း၌ လှည့်လည်နေသည်ဟု ဆိုရမည်ထင်သည်။

 

ကမ္ဘာ့လူမှုအဖွဲ့အစည်း၏ စံနှုန်းသတ်မှတ်ပုံ၊ အနာဂတ်မျှော်မှန်းချက်၊ စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်မှုအမြင် အစစတို့သည် ယေဘုယျအားဖြင့် ပြောင်းလဲသွားနေ၏။

 

သွေ့ခြောက်သည့် လူမှုဝန်းကျင်က မရေရာသော အနာဂတ်ပုံရိပ်တို့ကိုသာ ပုံဖော်နေလေသည်။ လူသားဆိုသည်က လူမှုအဖွဲ့အစည်းနှင့် ထိစပ်ဆက်ဆံကူးလူးနေလိုသည့် သဘာဝရှိရကား အိမ်တွင်းအောင်း ဖြစ်စဉ်က ပင်ကိုစိတ်ကို ဆန့်ကျင်နေသကဲ့သို့လည်း ရှိနေပြန်သည်။

 

ဥစ္စာဓနများစွာ ချမ်းသာပေါကြွယ်ဝကာ စီမံခန့်ခွဲမှုလည်းကောင်းမွန်သည်ဟု နာမည်ကြီးလှသော နိုင်ငံကြီးများပင် အလူးအလဲ ခံနေရသည့်အချိန်တွင် မြန်မာနိုင်ငံက ကံတရား၏ မျက်နှာသာပေးမှု လည်းရှိ၊ ယနေ့ချိန်ထိ သင့်လျော်သော စီမံခန့်ခွဲမှုဆိုင်ရာ အချိန်မီဆောင်ရွက်နိုင်မှုတို့ကလည်း ရှိနေသည့် အားလျော်စွာ အတော်ထိန်းသိမ်းထားနိုင်သည့် အနေအထား ဖြစ်ပါသည်။

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိသည်မှာ တစ်လခန့်ကြာမြင့် ခဲ့ပြီဖြစ်ပြီး အိမ်တံခါးသော့ခတ်ကာ လူချင်း အဆက်အဆံ ဝေးဝေးထားနေရသည့် ကာလမှာလည်း နှစ်ပတ်ကြာလာသည့်အခါ ငြီးငွေ့မှု စိတ်အလိုမကျမှုတို့ ရှိလာနေကြပြီ။ ထို့ထက်ပို၍ကား လူတို့၏ ပုံမှန်ဝင်ငွေကိစ္စနှင့် နေ့စဉ်စားဝတ်နေရေးအတွက် လုပ်ငန်းခွင်ပြန်လည် ဝင်နိုင်ရေးတို့ကလည်း မလွဲမသွေ စဉ်းစားစီစဉ်ရန် လိုအပ်နေပြီ။ နိုင်ငံနှင့် ချီ၍ စဉ်းစားရမည်ဖြစ်သော ကုန်ထုတ် လုပ်ငန်း၊ ကုန်သွယ်မှု စီးပွားရေးလုပ်ငန်းများကို မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်ကြမည်နည်း ဆိုသည်တို့ကလည်း ကိုဗစ်ဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့်အတူ တစ်ပြိုင်နက်တည်း ပြင်ဆင်နေရမည်ပဲ ဖြစ်ပါသည်။

 

ချင့်ချိန်နှိုင်းဆရာများစွာကို ဘက်စုံတွက်ချက်ကာ အစီအစဉ်များ ရေးဆွဲချမှတ်နေရချိန်လည်း ဖြစ်၏။ ဤကိစ္စများ အားလုံးအတွက် အကောင်းဆုံးနမူနာများ စံများဟုလည်း ကျကျနနမရှိသေးသည်မှာ အသေအချာ။ ကမ္ဘာကြီးတစ်ခုလုံး က ပြင်ဆင်လုပ်ဆောင်နေသော်လည်း အားလုံးပြည့်စုံမှန်ကန်တိကျသည့် စံနမူနာတစ်ခုကို ပုံမဖော်နိုင်သေး။

ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး၊ ကာကွယ်နိုင်ရေး၊ ကုသနိုင်ရေးတို့နှင့်အတူ တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုး ရေးလုပ်ငန်းများကို စီမံဆောင်ရွက်နိုင်ရေးတို့၏ အချိန်အဆကို နိုင်ငံတိုင်းက သူ့နည်းသူ့ဟန်ဖြင့် ကြိုးပမ်းရှာဖွေ အားထုတ်နေကြဆဲ။ မြန်မာနိုင်ငံသည်လည်း မိမိတို့နိုင်ငံ၏ အနေအထားနှင့် လိုက်လျောညီထွေ ဖြစ်သည့် စီမံဆောင်ရွက်နိုင်ရေးကို ချိန်ချိန်ဆဆဖြင့် ကြိုးပမ်းနေပါသည်။

 

မည်သို့ပင်ဖြစ်စေ လောကီလူ့ဘုံအတွက် အမြဲတမ်းမှန်ကန်နေမည့် အချက်ဖြစ်သော လူမှုအဖွဲ့အစည်း၏ ပြဿနာအဝဝ ကို လူတစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်မှုဖြင့်သာ ဖြေရှင်းနိုင်မည်ဟူသည်က ပဓာနကျနေပါလိမ့်မည်။ နိုင်ငံသားတစ်ဦး ချင်းစီ၏ တာဝန်သိမှု၊ တာဝန်ကျေမှု၊ အသိဉာဏ်နှင့်ယှဉ်သော ပြုမူကျင့်ကြံမှုတို့ဖြင့်သာ နိုင်ငံတစ်ခုလုံးကြုံတွေ့ နေရသည့် စိန်ခေါ်မှုကို အောင်မြင်အောင် ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။

 

နိုင်ငံသားတစ်ဦးချင်းစီတို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်းတို့က အခါအားလျော်စွာထုတ်ပြန်သည့် ကြေညာချက်များကို လိုက်နာခြင်း၊ လူစုလူဝေးကို ရှောင်ကြဉ်ခြင်း၊ အတတ်နိုင်ဆုံး အိမ်တွင်းတွင်သာ နေထိုင်ခြင်း၊ မဖြစ်မနေအပြင်ထွက်ရလျှင် မျက်နှာဖုံး နှာခေါင်းစွပ် တပ်ဆင်ခြင်း၊ မကြာခဏ စနစ်တကျလက်ဆေးခြင်း အစရှိသည့် အကျင့်အကြံ အပြုအမူတို့အားဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါရန်မှ ကင်းဝေးသည့် နိုင်ငံသားများအဖြစ် အဝေရာဟောန္တ ဘေးရန်အသီးသီးမှ ကင်းဝေးကြပါစေ သတည်း။  ။

မြန်မာ့အလင်း