နေပြည်တော်    အောက်တိုဘာ    ၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့   မွန်းလွဲပိုင်းတွင် ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား ပြည်တပ်နယ်ရှိ နဝဒေး ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

 

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဇနီး၊   ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြသည်။

 

ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် ပြည်တပ်နယ်သို့    ပထမဆုံးလာခြင်း ဖြစ်ကြောင်းပြောကြားပြီး တပ်မတော်မှ နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာခဲ့ရကာ နိုင်ငံ့တာဝန် ထိန်းသိမ်း ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူဆောင်ရွက်နေရ သည့်အချိန် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး    နိုင်ငံရေးအရ   ဆူပူမှုများ၊ အကြမ်းဖက် မှုများကို ဥပဒေနှင့်အညီသာ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် အကျပ်အတည်းများရှိခဲ့ကြောင်း၊ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို လည်း အစိုးရ၊   ပြည်သူနှင့် တပ်မတော်တို့  လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်း၍ အခက်အခဲ များကြားမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ရောဂါကာကွယ်ဆေး ရရှိရေးအတွက်လည်း    ပြည်ပနိုင်ငံများသို့    မိမိကိုယ်တိုင်ဆက်သွယ်၍  အမြန်ဆုံးရရှိရေး  ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး တာဝန်သိပြည်သူများ၏ ဝိုင်းဝန်း ကူညီမှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့် ယင်းအခက်အခဲများ၊   လိုအပ်မှုများကို  ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံသည် ရေမြေကောင်းများရှိပြီး စားရေရိက္ခာပေါများကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား ချိန်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူ ရေးလုပ်ငန်းများကို      ဆက်လက်ဆောင် ရွက်ခဲ့ခြင်းကြောင့်  စားရေရိက္ခာများကို ပြည့်ဝစွာရရှိခဲ့ကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးသည် တိုးတက် ကောင်းမွန်လာပြီဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးအတွက်  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊  EAO များ၏    အကြမ်းဖက်တိုက်ခိုက်မှုနှင့်  PDF အမည်ခံ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဟူ၍ နှစ်မျိုးရှိပြီး PDF အကြမ်းဖက်တိုက်ခိုက်သူများသည် ပြည်သူများကြားမှ ပြည်သူများကို အကာအကွယ် ယူ၍ တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် တပ်မတော် သားများနှင့်  ပြည်သူများ တစ်သားတည်းဖြစ်အောင် ဆောင်ရွက်၍    အကြမ်းဖက်မှု များကို   နှိမ်နင်းရန်လိုကြောင်း၊   နဝတ၊   နယက  ခေတ်များတွင် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် အချို့သောအုပ်ချုပ်မှု ဆိုင်ရာ အားနည်းချက်များရှိခြင်းကြောင့် တပ်မတော်အပေါ် အချို့သောပြည်သူများအနေဖြင့် အမြင်မကြည်လင်မှုများရှိနိုင်ကြောင်း။

 

၂၀၁၀ ပြည့်နှစ်တွင် မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်၌ တပ်တည် ဆောက်ရေးလုပ်ငန်းများကို  အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်နှင့် ပြည်သူဆက်ဆံရေးတိုးတက် ခိုင်မြဲအောင်လည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်၏ အဆင့်ဆင့် တိုးတက်မှုများရှိလာခြင်းကြောင့် ၂၀၁၁ - ၂၀၂၀ ဒီမိုကရေစီအစိုးရလက်ထက် တွင် တပ်မတော်နှင့် ပြည်သူများအကြား တိုးတက် လာသည့်ဆက်ဆံရေးကို မလိုလားသည့် ပြည်တွင်း ပြည်ပမှ မသမာသူများက အချင်းချင်းသွေးကွဲစေရေး အတွက် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပြောင်းလဲ မှုကာလတွင်   မတည်ငြိမ်မှုများ   ပိုမိုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း။

 

အမြဲမပြတ် ပြန်လည်လေ့လာ

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးကို ဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် သင်ကြားပေးထားသည့် ကာကွယ်ရေးပညာရပ်များကို  အမြဲမပြတ် ပြန်လည်လေ့လာ၊ လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိစေရန်အတွက်လည်း အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် စည်းမျဉ်းစည်းကမ်းများ အတိုင်း နေထိုင်ကြရန်လိုပြီး တပ်မတော်သားများ စည်းကမ်းကောင်းမွန်စေရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်နေ ရန်လိုကြောင်း။

 

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဒုတိယလှိုင်း ဖြစ်ပွားချိန်၌ ကူးစက်မှု နှုန်းမြင့်တက်ခဲ့ကြောင်း၊ အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းပေးနိုင်ခဲ့ပြီး ယခုအချိန်တွင် ရောဂါကူးစက် မှုများ    ပြန်လည်ဖြစ်ပေါ်လျက်ရှိသဖြင့်   နေထိုင်သွားလာ စားသောက်မှုများကို ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   ကျန်းမာရေးနှင့် ညီညွတ်ပြီး ရာသီဥတုနှင့် ညီညွတ်မျှတသည့် နေထိုင်မှုများရှိရန်လိုကြောင်း၊   မိမိတို့ကိုယ်တိုင်သာမက မိသားစုဝင်များ အနေဖြင့်လည်း ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များကို    လိုက်နာဆောင်ရွက်ရန် လိုကြောင်း။

 

ပညာရေးနှင့်ပတ်သက်၍   မိမိတို့ကိုယ်တိုင် ဗဟုသုတရစေသည့် စာပေများကို ဖတ်ရှုလေ့လာရန် နှင့် မိသားစုဝင်များကိုလည်း ပညာရည်မြင့်မားအောင် အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရည် မြင့်မားအောင်ဆောင်ရွက်ပြီး မိမိဘဝကို ရပ်တည်နိုင်အောင်      ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့များအလိုက်   စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုသကဲ့သို့ တစ်ဦးချင်းအလိုက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင် မည်ဆိုပါက ပြင်ပမှ ဝယ်ယူစားသောက်မှုများ လျော့နည်းသွားမည်ဖြစ်သဖြင့် ငွေကုန်ကျမှုကို သက်သာစေမည်ဖြစ်ကြောင်း။

 

တပ်မတော်မှ   နိုင်ငံတော်တာဝန်ကို  စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ၏ ငွေကြေးပြဿနာများ ဖြစ်ပေါ်စေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှုများရှိကြောင်း၊ စက်သုံးဆီ၊ စားသုံးဆီ နှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားများအားလုံးအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ချိန်တွင် တစ်ဦးချင်း လုပ်ဆောင်ရမည့်    လုပ်ငန်းတာဝန်များကို   မှန်မှန်ကန်ကန်ဖြင့် တာဝန်ကျေပွန်အောင်  ဆောင်ရွက်ကြစေလိုကြောင်း၊ စစ်သည်တစ်ဦးချင်းအလိုက် စည်းကမ်း ကောင်းမွန်ပြီး မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်မည်ဆိုပါက တပ်မတော်သည်   စွမ်းရည်ရှိ သည့် တပ်မတော်၊  စွမ်းအားရှိသည့်  တပ်မတော်တစ်ရပ်အဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို   ပေးအပ်ရာ   ပြည်တပ်နယ် မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ပြည်တပ်နယ်မှူး၏ ဇနီးကလည်းကောင်း  လက်ခံရယူကြသည်။ ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသ စာအုပ် စာစောင်များကို ပေးအပ်ရာ ပန်းတောင်းတပ်နယ်မှူး က လက်ခံရယူသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်