၇ ဖေဖော်ဝါရီ

 

တစ်ဦးချင်းပိုင် YBS ယာဉ်များ လာမည့်မတ်လကုန် နောက်ဆုံးထား၍ ကုမ္ပဏီအမည်ပေါက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

 

ထိုသို့ တစ်ဦးချင်းပိုင် YBS ယာဉ်များကို ကုမ္ပဏီအမည်ပေါက် လုပ်ဆောင်ခြင်းမှာ စီမံခန့်ခွဲမှုအပိုင်းတွင် ထိရောက်မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"ကျွန်တော်တို့က ဒီကိစ္စရပ်ပေါ်မှာ ယာဉ်ပိုင်ရှင်တွေကိုလည်း ရှယ်ယာရှင်အဖြစ် လုပ်ပါလို့ မပြောပါဘူး၊ ကျွန်တော်တို့ပြောတာ တစ်ခုပါဘဲ၊ ပြေးဆွဲနေသော ယာဉ်များသည် ကုမ္ပဏီအမည်ပေါက် ယာဉ်များဖြစ်ရေးလို့ဘဲ သုံးနှုန်းထားပါတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့ဘက်ကတော့ ဘယ်လို သူတို့ ဆောင်ရွက်မလဲဆိုတဲ့ နည်းလမ်းနဲ့ သူတို့ဆောင်ရွက်နိုင်ပါတယ်၊ အကယ်၍ သူတို့အခက်အခဲရှိလို့ တင်ပြလာတဲ့အပေါ်မှာလည်း ကျွန်တော်တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အသင့်ပါဘဲ"ဟု ဦးလှအောင်က ပြောသည်။

 

ထို့ကြောင့် ပြောင်းလဲခဲ့သည့် YBS စနစ်အတွင်း ပြေးဆွဲနေသော ယာဉ်အိုယာဉ်ဟောင်းများကို မပိတ်ပင်ဘဲ ပါဝင်ပြေးဆွဲခွင့်ပေးခဲ့ပြီး ယာဉ်အိုယာဉ်ဟောင်း ပိုင်ရှင်များအတွက်လည်း ထိခိုက်မှု အနည်းဆုံးဖြစ်ရန်အတွက် YRTA အနေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

"ယာဉ်အိုယာဉ်ဟောင်းအပ်ချင်ရင် လူစီးရင်တင်သွင်းခွင့် ထောက်ခံချက်ဖြင့် ၂၀၀၃ ခုနှစ်အထိ ထုတ်လုပ်တဲ့ ဘတ်စ်ကားတွေ အပ်ခွင့်အတွက် ကျွန်တော်တို့ ပြည်ထောင်စုအစိုးရက ညှိနှိုင်းဆောင်ရွက်ထားတဲ့အတွက် အပ်ခွင့်ရပါပြီ၊ ဒီလိုအပ်ပြီးတော့လည်း ဒီလုပ်ငန်းကနေပြီးတော့ သူ့အနေနဲ့ ထွက်သွားမယ် သို့မဟုတ် ရုပ်သိမ်းမယ်ဆိုတဲ့ သူဆောင်ရွက်လို့ရတဲ့နည်းနဲ့ တဖြည်းဖြည်း လျော့နည်းအောင် လုပ်ပေးနေပါတယ်၊ နောက်တစ်နည်းက ကျွန်တော်တို့လိုင်းထဲမှာ ပြေးဆွဲနေတဲ့ (ခ) ခရီးစဉ်ပို့ဆောင်ခွင့် လိုင်စင်ကနေပြီး မလုပ်ချင်ဘူး၊ စင်းလုံးငှားယာဉ်တွေ သို့မဟုတ် ကြိုပို့လုပ်ချင်တယ် ပြောင်းရင် ပြောင်းပေးပါတယ်၊ နောက်တစ်ခုက ကျွန်တော်တို့ရောင်းပြီး နယ်ကိုသွားချင်တယ် လျှောက်ထားလာရင်လည်း လုပ်ငန်းလိုင်စင် ဥပဒေနဲ့ ညီညွတ်အောင် ဆောင်ရွက်ပေးနေပါတယ်၊ ကျွန်တော်တို့က မင်းတို့အားလုံး ရပ်ဆိုင်းလိုက်တော့လို့ လုပ်တာမဟုတ်ပါဘူး"ဟု ဦးလှအောင်က ဆက်ပြောသည်။

 

လက်ရှိ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် YBS စနစ်ကို စတင်အကောင်အထည်ဖော်ခဲ့သည်မှာ သုံးနှစ်ပြည့်ပြီဖြစ်သော်လည်း YBS ယာဉ်များ၏ သုံးပုံနှစ်ပုံခန့်သည် ကုမ္ပဏီပိုင်ကားများဖြစ်ကာ ကျန်ကားများမှာ ကုမ္ပဏီပိုင် မဖြစ်သေးသည့်အတွက် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

 

"YBS ဆိုရင် ဝန်ဆောင်မှုကောင်းများပေးနိုင်ဖို့ တစ်ဦးချင်းပိုင်ဆိုင်မှုကနေ ကုမ္ပဏီပိုင်စနစ်ကို ပြောင်းလဲခဲ့တာဖြစ်ပြီးတော့ ယခုအခါမှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားရဲ့ သုံးပုံနှစ်ပုံနီးပါးက ကုမ္ပဏီပိုင်ကားတွေ ဖြစ်ပေမဲ့ ကျန်တာတွေကတော့ မဖြစ်သေးတဲ့အတွက် အဆင်မပြေမှုတွေ ကြုံတွေ့နေရပါတယ်၊ ဒီအတွက် ကုမ္ပဏီပိုင်စနစ် ပီပီပြင်ပြင်ဖြစ်လာဖို့ ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

 

လက်ရှိ YBS ယာဉ်များအတွင်းတွင် မြို့တော်အင်္ဂါရပ်နှင့် မညီသော စက်စွမ်းအားကျဆင်းပြီး ကြံ့ခိုင်မူ မရှိသည့်ယာဉ်များနှင့် လုပ်ငန်းမလည်ပတ်နိုင်သော ယာဉ်များဖြစ်သည့် ၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကား YBS အစီးရေ ၇၀၀ ကျော်ရှိကြောင်း သိရသည်။

 

ငြိမ်းငြိမ်း