မန္တလေး၊ ၃၁ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် အမျိုးသားအဆင့် ကျန်းမာရေးလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်မည့် “တစ်ဦးကို တစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြည်သူလူထုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အမူအကျင့်ကောင်းများ လူမှုအဖွဲ့အစည်းအတွင်း အဆင့်ဆင့်ပျံ့နှံ့ ရောက်ရှိအောင် ရည်ရွယ်၍ ယခုစီမံချက်ကို မန္တလေးတိုင်းဒေသကြီးအတွင်း (၂)လတိတိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၆၅၆၆ ဦးရှိပြီး လက်ရှိတွင် ကုသမှုခံယူနေသူပေါင်း ၁၃၆၆ ဦး ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် “တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး/ သတိပေးပြောကြားရမည့် အချက်များ”ကို ပြောကြားခြင်းဖြင့် မိသားစုများအကြား၊ အဖွဲ့အစည်းများအကြား ပျံ့နှံ့ရောက်ရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး စာစောင်များ၊ Mask များကို ပြည်သူများထံ ဖြန့်ဝေပေးပြီး တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး/ သတိပေးရမည့်အချက်များကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
မောင်ကျန်းမာ


