ဒီဇင်ဘာ ၁၂

ပရီမီယာလိဂ်ပွဲစဉ် (၁၆) ၏ အစောဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနှင့် ဝုဖ်အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက အီတီဟက်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက တစ်ယောက်လျော့ဝုဖ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မန်စီးတီးအသင်းသည် ယခုပွဲစဉ်အနိုင်ရရှိမှုကြောင့် ပရီမီယာလိဂ်ခြောက်ပွဲဆက် နိုင်ပွဲရရှိခဲ့သလို ပွဲစဉ် (၁၆) အပြီး တွင်လည်း ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။  ပြိုင်ဘက်ဝုဖ်အသင်းက ယခုပွဲစဉ် ရှုံးနိမ့် မှုကြောင့် ရမှတ် ၂၁မှတ်နှင့်အတူ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်။

ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် လိုက်ပ်ဇစ်ကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်မှ ကစားသမားစာရင်းကို ရှစ်ဦးအထိ အပြောင်း အလဲပြုလုပ်ပြီး ဂျီးဆပ်၊ စတားလင်း၊ ဂရီးလစ်ချ်တို့ဦးဆောင်ကာ ဝုဖ်အသင်းကို ရင်ဆိုင်လာခဲ့သည်။ ဝုဖ်အသင်းကလည်း အား ထားရသည့် ဂျီမီနက်ဇ်၊ ထရာအိုရေးတို့ကို အသုံးပြုကို အသုံးပြုကာ မန်စီးတီးအသင်းကို ရင်ဆိုင်လာခဲ့သည်။  မန်စီးတီးအသင်းသည် ပထမပိုင်းတွင် ဝုဖ်အသင်းဘက်သို့ ဖိအားပေးကစားနိုင်ခဲ့သော်လည်း အသင်းကစားသမား များ အဆုံးသတ်မသေချာမှုနှင့်အတူ ဝုဖ်ဂိုးသမား လက်စွမ်းပြ ကာကွယ်ထားနိုင်မှုကြောင့် လိုအပ်နေသည့် သွင်းဂိုးများ မမြင်တွေ့ခဲ့ရပေ။ ပထမပိုင်းပွဲချိန်ပြီးခါနီးတွင် ဝုဖ်အသင်းမှ အားထားရသည့် တိုက်စစ်ကစားသမား ဂျီမီနက်ဇ်နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် နစ်နာခဲ့ရသည်။

ဒုတိယပိုင်းတွင် မန်စီးတီးအသင်းသည် တစ်ယောက်လျော့ဝုဖ်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ခြေအသာဖြင့် ထိန်းချုပ်ကစားနိုင်ခဲ့သည်။ ပွဲချိန် ၆၆ မိနစ်တွင် မန်စီးတီးအသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပြီး စတားလင်းက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည့်အတွက် အဖွင့်ဂိုးရရှိခဲ့သည်။ စတားလင်းသည် ယခုပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ပရီမီယာလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ မန်စီးတီးအသင်းသည် ယခုပွဲစဉ်တွင် ဝုဖ်အသင်းဘက်သို့ ဂိုးကန်သွင်းခွင့် အကြိမ် ၂၀ နှင့်အထက် ရှိခဲ့သော်လည်း ဝုဖ်အသင်းက ဂိုးကန်သွင်းခွင့်သုံးကြိမ်တွင် ဂိုးပေါက်တည့်မတ်မှု နှစ်ကြိမ် ရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

လာမည့်ပွဲစဉ်တွင် မန်စီးတီးအသင်းသည် ဒီဇင်ဘာ ၁၅ ရက်၌ လိဒ်စ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဝုဖ်အသင်းက ဒီဇင်ဘာ ၁၆ ရက်တွင် ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။                                                

အောင်ဇော်