နေပြည်တော် ဇန်နဝါရီ ၂၈

 

တောမီးကြံ့ကြံ့ခံနိုင်ခြင်း၊ ဒေသခံများ၏ လူမှုစီးပွားနှင့် စျေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း၏ ကနေဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောများ ပျက်စီးပြုန်းတီးစေသည့် အကြောင်းရင်းများအနက် တောမီးလောင်ကျွမ်းမှုသည် ကြီးမားသောပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေပြီး ‌ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ပျက်စီးစေသည့်အပြင် မီးခိုးမြူငွေ့များကြောင့် လူသားများ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ နိုင်ငံအဆင့် နယ်စပ်ဖြတ်ကျော်တောမီးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ထိုင်း၊ လာအို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တောမီးလောင်ကျွမ်းမှုမရှိစေရေးနှင့် ထိန်းချုပ်မှုများဆောင်ရွက်နိုင်ရေး၊ တောမီးကာကွယ်ရေးလုပ်ငန်းများတွင် ဆက်စပ်ဌာနများနှင့် ဒေသခံများ ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံကိန်း၏ အဓိကရည်ရွယ်ချက်ဖြစ်သော တောမီးဖြစ်ပွားမှု စီမံအုပ်ချုပ်မှုစနစ်တစ်ခု တည်ဆောက်ရာတွင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုသွားရန်တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက မြန်မာနိုင်ငံအတွင်း Fire Hotspots ဖြစ်ပေါ်မှုလျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုး မြူငွေ့ထိန်းချုပ်ရေး၊ မြန်မာနိုင်ငံ၏ တောမီးလောင်ကျွမ်းမှုနှင့် တောမီးစီမံအုပ်ချုပ်မှုဆိုင်ရာ အခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်