လွိုင်ကော် ၁၀ ဇန်နဝါရီ
တိုးတက်လာသော မြို့ပြလူနေမှုစနစ်နှင့် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှု များပြားလာမှုကြောင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ သွားလာရန် ကျဉ်းမြောင်းလာသဖြင့် ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် လမ်းတံတား အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ တောင်ငူ- လိပ်သို- ယာဒိုလွိုင်ကော်- ဟိုပုံးလမ်း ဘီလူးချောင်းဖြတ် ကန္ဒရဝတီတံတား ဖွင့်ပွဲအခမ်းအနား ကို ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီခွဲက အဆိုပါတံတား၌ ကျင်းပသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက လွိုင်ကော်မြို့ အနေဖြင့် အရှေ့တောင်အာရှတွင် အသန့်ရှင်းဆုံးမြို့တော်ဆုကို ရရှိထားကြောင်း၊ မိမိတို့ ပြည်နယ်သည် သေးငယ်သော်လည်း တောတောင်ရေမြေအလှ၊ ရိုးရာယဉ်ကျေးမှုများ၊ တိုင်းရင်းသားများ၏ ရိုးသားမှု၊ မေတ္တာစေတနာ များကြောင့် ခရီးသွား ဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိကြောင်း၊ ယခုတံတားအဆင့် မြှင့်တင်ပေးခဲ့ပြီး ရေရှည်တည်တံ့စေရေးအတွက် တာဝန်ရှိသူများအားလုံးက ထိန်းသိမ်းစောင့်ရှောက် ပေးရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တံတားပေါ်မှ ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
လွိုင်ကော်မြို့ ဘီလူးချောင်းဖြတ် ကန္ဒရဝတီတံတားအား ၁၉၈၅ ခုနှစ်မှ စတင်၍ အကျယ် ၂ ပေ နှစ်လမ်းသွားအဖြစ် တည်ဆောက်အသုံးပြုခဲ့ပြီး နှစ် ပေါင်း ၃၄ နှစ်ကြာမြင့်ခဲ့ပြီးနောက် ယခုနှစ်နောက်ပိုင်းတွင် လမ်းအသုံးပြုမှု များပြားလာသည့်အတွက် လမ်းတံတားချဲ့ထွင်ခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိရာ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၉၉၉ ဒသမ ၉၉ သန်းဖြင့် လေး လမ်းသွား အကျယ် ၄၄ ပေ၊ တံတားအရှည် ၃၀၄ ပေ ၉ လက်မကို ၂၀၁၉ ခုနှစ် နေပြည်တော်က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းလေး


