၄ ဇွန်
တောင်ကိုရီးယားနိုင်ငံရှိ ထွက်ပြေးလာသူများက နယ်စပ်တစ်လျောက် မြောက်ကိုရီးယား ဆန့်ကျင်ရေး စာရွက်စာတမ်းများ ပေးပို့မှုကြောင့် တောင်ကိုရီးယားနှင့် စစ်ရေး သဘောတူညီချက်များကို ဖျက်သိမ်းပစ်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ညီမဖြစ်သူက ခြိမ်းခြောက်ခဲ့သည်။
ကင်ယိုဂျောင်က ဇွန်လ ၄ ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရပါတီ၏ သတင်းစာ ရိုဒေါင်းရှင်းမူနှင့် အခြားနိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် အဆိုပါကြေညာချက် ထုတ်ပြန်ခဲ့သည်။
တနင်္ဂနွေနေ့က နယ်စပ်တစ်လျောက် အစ်ကိုဖြစ်သူကို ဝေဖန်ထားသည့် ထောင်ချီသော စာရွက်စာတမ်းများကို ပူပေါင်းများဖြင့် ဖြန့်ဝေခဲ့သည့် မြောက်ကိုရီးယားနိုင်ငံမှ ဘက်ပြောင်းလာသူများကို ကင်ယိုဂျောင်က ဝေဖန်ခဲ့သည်။
တောင်ကိုရီးယား အာဏာပိုင်များ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ဆိုသည့် ဆင်ခြေတစ်ခုကို အသုံးပြုပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် စော်ကားနေခြင်းကို ဆက်လက်ခွင့်ပြုနေမည်ဆိုလျှင် ဆိုးရွားသည့် အကျိုးဆက်များ ခံစားရမည်ဖြစ်ကြောင်း ကင်ယိုဂျောင်က သတိပေးပြောကြားခဲ့သည်။
စစ်ရေးတင်းမာမှု လျော့ချရန် ရည်ရွယ်ခဲ့သည့် ၂၀၁၈ ခုနှစ်က ကိုရီးယားနှစ်နိုင်ငံအကြား သဘောတူညီချက်များကိုလည်း ဖျက်သိမ်းဖြစ်မည်ဟု ၄င်းက ခြိမ်းခြောက်ခဲ့သည်။ ကန်စောင် စက်မှုဇုန်မှ လုံးလုံးလျားလျား ဆုတ်ခွာသွားခဲ့ပြီးနောက် တောင်-မြောက် ပူးတွဲဖွင့်လှစ်ထားသည့် ဆက်ဆံရေးရုံးကိုလည်း ပိတ်ပစ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သည့်အတွက် များစွာစိတ်ပျက်မိကြောင်း ကင်က အစောပိုင်းက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်