ကိတ်တောင်း ဒီဇင်ဘာ ၁၄

 

တောင်အာဖရိကနိုင်ငံသမ္မတရာမာဖိုဆာသည် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်နေစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရကြောင်း ယမန်နေ့ သတင်းများအရ သိရသည်။ ။

 

တောင်အာဖရိကသမ္မတ ရာမာဖိုဆာသည် မြို့တော်ကိတ်တောင်းသို့ အလည်အပတ်ခရီး သွားရောက်စဉ် မကျန်းမမာ ဖြစ်ပွားခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းဖြစ်ကြောင်း တောင်အာဖရိက သမ္မတရုံးက ဒီဇင်ဘာ ၁၂ရက် တွင် အတည်ပြုပြောကြားသည်။ သမ္မတရာမာဖိုဆာသည် လက်ရှိတွင် သီးသန့်ခွဲထား စောင့်ကြည့်မှုခံယူလျက်ရှိကြောင်း သိရသည်။

 

တောင်အာဖရိကသမ္မတ ရာမာဖိုဆာသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းလည်း တောင်အာဖရိက သမ္မတရုံးက ဆက်လက်ပြောကြားသည်။ တောင်အာဖရိက သမ္မတ ရာမာဖိုဆာသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်းကြောင့် ၎င်း၏သမ္မတလုပ်ငန်း တာဝန်များကို ဒုတိယသမ္မတ ဒေးဗစ်မာဘူဇာအား လွှဲအပ်ထားကြောင်း သိရသည်။

 

တောင်အာဖရိကအစိုးရသည် ကမ္ဘာပေါ်တွင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ရှိရသည့် နိုင်ငံဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး သမ္မတရာမာဖိုဆာ ရောဂါကူးစက် ခံရမှုသည် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရသည်။ လက်ရှိတွင် တောင်အာဖရိက နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျက်ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်ကမူ တစ်ရက်အတွင်း ကူးစက် ခံရသူပေါင်း ၂၂ဝဝဝ ကျော် ရှိခဲ့ကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်