၁၆ စက်တင်ဘာ
ခြူးစန္ဒီနွေး
အခုလတ်တလော တောင်အာဖရိကမှာဖြစ်ပွားနေတဲ့ ပြဿနာကတော့ နိုင်ငံခြားသားဆန့်ကျင်တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာပါပဲ။ ဒါကြောင့်လည်း အိမ်နီးချင်းနိုင်ငံ တွေကနေ တောင်အာဖရိကမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေဟာ နေရပ်ပြန်ဖို့ ကြိုးစားလာကြပါတယ်။ အသက် ၃၄ နှစ်အရွယ် စွန့်ဦးတီထွင်သူ နိုင်ဂျီးရီးယားအမျိုးသားတစ်ဦးဖြစ်တဲ့ ဒန်းနစ်ဘန်ဆွန်ကတော့ တောင်အာဖရိကမှာ ဆက်မနေတော့ဘဲ နေရပ်ပြန်ဖို့စီစဉ်ထားတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဘာလို့လဲ ဆိုရင် လက်ရှိတောင်အာဖရိကမှာ ရင်ဆိုင်နေရတဲ့အဖြစ်တွေဟာ ကြောက်စရာကောင်းလွန်းလို့ပါလို့ ပြောကြားခဲ့ပါတယ်။
အထုပ်အပိုးတွေ ပြင်ဆင်
အထုပ်အပိုးတွေအားလုံးပြင်ဆင်ပြီး လေဆိပ်အနီးမှာနေတဲ့ နိုင်ဂျီးရီးယား သူငယ်ချင်းတစ်ဦးဆီမှာ လတ်တလောနေနေတယ်လို့ သှူအဖြစ်ကို ပြောပြပါတယ်။အခြားသော ဆန္ဒပြပွဲတွေကို မြင်ဖူးသလိုပဲ။ အခုတစ်ကြိမ် အဓိကရုဏ်းမှာလည်း သွေးထွက်သံယိုတွေဖြစ်လာတော့မှာမို့ ထွက်သွားဖို့ဆုံးဖြတ်ထားတာလို့ သူက ဆက်ပြောပါတယ်။ စက်တင်ဘာ ၂ ရက်မှာတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ် ဘတ်မြို့၊ ပရီတိုးရီးယားနဲ့ အခြားသောမြို့တွေမှာ နိုင်ငံခြားသားပိုင်တဲ့ ဆိုင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ အဓိကရုဏ်းတွေပေါ်ပေါက်လာခဲ့ပါတယ်။
ဒန်းနစ်ဘန်ဆွန်ကတော့ သူဟာအိမ်ပြန်နိုင်ဖို့ အခွင့်အလမ်းကိုပဲ ရှာဖွေနေ တာလို့ ပြောပါတယ်။ စက်တင်ဘာ ၂ ရက်မှာတော့ အဓိကရုဏ်းကိုအကြောင်းပြပြီး လုယက်သူတွေဟာ ဈေးဆိုင်တွေကနေ လုယက်ကြပါတယ်။ ကျွန်တော့်တိုက်ခန်း ဘေးက အီသီယိုးပီးယားလူမျိုးတွေပိုင်တဲ့ စူပါမားကက်ကိုလည်း လုယက်သူတွေက ဖျက်ဆီးလုယက်သွားတယ်လို့ သူကဆက်ပြောပါတယ်။
လက်တုံ့ပြန်မှုတွေဖြစ်ပေါ်
အချိုရည်တွေ၊ သောက်စရာတွေနဲ့ ပြည့်နေတဲ့ ရေခဲသေတ္တာကိုတောင် အလွတ် မပေးဘဲ ယူသွားတယ်။ နောက်ပြီးတော့ နိုင်ငံခြားသားတွေဟာ နေရပ်ကိုပြန်သင့် တယ်လို့ လမ်းတစ်လျှောက်ကြွေးကြော်သွားကြတယ်ဆိုပြီး ဘန်ဆွန်က သူ့အတွေ့ အကြုံကို ပြောပြပါတယ်။ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ၊ စတိုးဆိုင်တွေ၊ ဈေးဆိုင်တွေ ဖြိုချခံရတယ်။
နောက်ပြီး ပြီးခဲ့တဲ့ရက်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေအတွင်းမှာ နိုင်ငံခြားသားအပါအဝင် လူနှစ်ဦး အသတ်ခံခဲ့ရပါတယ်။ အခုလို တောင်အာဖရိကမှာ ရှိတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေတိုက်ခိုက်ခံရတဲ့အခါ နိုင်ဂျီးရီးယားနိုင်ငံမှာလည်း ပြန်လည်လက်တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကတော့ နိုင်ဂျီးရီးယားမှာရှိတဲ့ တောင်အာဖရိကပိုင် လုပ်ငန်းတွေကို ပြန်လည်လုယက်မှုတွေ ကျူးလွန်တာပါပဲ။
နေရပ်ပြန်ခေါ်
ဒါကြောင့်လည်း လက်ရှိအခြေအနေကိုဖြေရှင်းဖို့အတွက် နိုင်ဂျီးရီးယားသမ္မတ မိုဟာမက်ဒူဘူဟာရီက အထူးကိုယ်စားလှယ်အဖွဲ့ကို တောင်အာဖရိကသို့ စေလွှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ဂျီးရီးယားနိုင်ငံသား ၆၄၀ ခန့် နေရပ်ပြန်ဖို့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်တဲ့ အဲလ်ပိစ်ကတော့ နိုင်ဂျီးရီးယားလူမျိုးတွေအတွက် လေယာဉ်နှစ်စင်းထောက်ပံ့ ပေးမယ်လို့ ပြောပါတယ်။ နောက်ပြီး နိုင်ဂျီးရီးယားအိမ်ခြံမြေကုမ္ပဏီကလည်း နေရပ်ပြန်လိုသူတွေအတွက် ကုန်ကျစရိတ်ကျခံမယ်ဆိုပြီး ကမ်းလှမ်းလာပါတယ်။
စက်တင်ဘာ ၁၁ ရက်မှာတော့ ပထမအုပ်စုအဖြစ် လူပေါင်း ၁၈၇ ဦးကို တင်ဆောင်လာတဲ့လေယာဉ်ဟာ လာဂို့စ်လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။ အလားတူ ကျန်ရှိနေသေးတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေကိုလည်း လာမယ့် သီတင်းပတ်တွေအတွင်းမှာ ကယ်တင်သွားမယ်လို့ နိုင်ဂျီးရီးယားမှ ပြောင်းရွှေ့နေထိုင် ကြသူများ ကော်မရှင်ဥက္ကဋ္ဌ အဘိုက်ကီဒါဘရီက ပြောပါတယ်။ တောင်အာဖရိက ကနေ နိုင်ဂျီးရီးယားကို ပြန်ရောက်လာကြတဲ့သူတွေဟာ လေယာဉ်ပေါ်က ဆင်းဆင်း ချင်းပဲ နိုင်ငံတော်သီချင်း ဟစ်ကြွေးခဲ့ကြပါတယ်။
ညှိနှိုင်းသွားမယ်
နိုင်ငံခြားသားတိုက်ခိုက်မှုတွေကို အလိုမရှိဘူးဆိုတဲ့ ပိုစတာတွေကိုလည်း အချို့က သယ်ဆောင်လာခဲ့ကြပါတယ်။ အချို့သော နေရပ်ပြန်လိုကြတဲ့ နိုင်ဂျီးရီးယား တွေကျတော့လည်း အထောက်အထားစာရွက်စာတမ်းလိုအပ်ချက်တွေကြောင့် ပြန်လာခွင့်မရဘဲ ဟိုမှာသောင်တင်နေကြပါတယ်။ ပထမအသုတ်ခေါ်ဆောင်မှုမှာ လူပေါင်း ၃၁၃ ဦးကို သယ်ဆောင်လာဖို့ စီစဉ်ခဲ့တာပါလို့ ဒါဘရီက ပြောပါတယ်။ သို့သော်လည်း ၁၈၇ ဦးသာ အထောက်အထားပြည့်ပြည့်စုံစုံနှင့် တင်ဆောင်ခွင့်ရ ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်အတွင်း လေကြောင်းလိုင်းဟာလည်း ပိုက်ဆံတွေအများကြီး အကုန်ကျခံထားရတာပါ။ ဒါကြောင့် နေရပ်ပြန်လိုတဲ့ နိုင်ဂျီးရီးယားတွေကို ပြန်ခွင့်ပြုဖို့ တောင်အာဖရိကအစိုးရနဲ့ ညှိနှိုင်းသွားမယ်လို့ သူကဆက်ပြောပါတယ်။
ပုံရိပ်ကောင်းကို ဖျက်ဆီး
တောင်အာဖရိကသမ္မတကလည်း တောင်အာဖရိကမှာဖြစ်ပွားခဲ့တဲ့ နိုင်ငံခြား သားဆန့်ကျင်တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့သူတွေကို ဖမ်းဆီးသွားဖို့ ပြောဆိုခဲ့ပါ တယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် တောင်အာဖရိကဟာ အားလုံးအတွက် သာတူညီမျှအခွင့်အရေးရှိတယ်ဆိုတဲ့ ပုံရိပ်ကောင်းကိုဖျက်ဆီးပြီး အစိုးရရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ဖျက်ဆီးလိုက်တာပဲဆိုပြီး ပြောခဲ့ပါတယ်။
တောင်အာဖရိကသမ္မတ ရမ်မာဖိုဆာကတော hနိုင်ငံခြားသားတွေဟာ တိုက်ခိုက် ခံရမှာစိုးရိမ်စရာမလိုဘဲ တောင်အာဖရိကနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင် ခွင့်၊ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။ အစိုးရဟာ ဒီလိုမင်းမဲ့စရိုက်ဆန်ဆန် အပြု အမူတွေကို လက်ပိုက်ကြည့်နေမှာမဟုတ်သလို နိုင်ငံခြားသားတွေအပါအဝင် ပြည်သူပြည်သားတွေဟာ စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်နိုင်ရမယ်လို့ တောင်အာဖရိကသမ္မတက ပြောပါတယ်။
ကိုယ်ပိုင်ဆန္ဒအရ နေရပ်ပြန်
တောင်အာဖရိကနိုင်ငံကနေ ထွက်သွားကြတဲ့အထဲမှာ နိုင်ဂျီးရီးယားတွေချည်းပဲ လည်း မဟုတ်ပါဘူး။ ဇင်ဘာဘွေနိုင်ငံသားတွေလည်း နေရပ်ကိုပြန်ကြပါတယ်။ စက်တင်ဘာ ၁၂ ရက်မှာတော့ ဇင်ဘာဘွေနိုင်ငံသား ၉၆ ဦးဟာ တောင်အာဖရိက ကနေ ထွက်ခွာလာခဲ့ကြပါတယ်။ ဇင်ဘာဘွေနိုင်ငံသား ၁၇၀ ခန့် တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာတော့ နိုင်ငံသား ၉၆ ဦးဟာ နေရပ်ကိုပြန်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဒါဟာလည်း ဖိအားပေးလို့မဟုတ်ဘဲ သူတို့ရဲ့သဘောဆန္ဒအရ နေရပ်ကိုပြန်ကြတာ ပါပဲ။
တည်တည်ငြိမ်ငြိမ်ရှိဖို့ တိုက်တွန်း
၂၀၁၁ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ တောင်အာဖရိကမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားဟာ ၂ ဒသမ ၂ သန်းထိရှိတယ်လို့ သိရပါတယ်။ နောက်ပြီး ၂၀၁၅ ခုနှစ် ခန့်မှန်းချက်တွေအရတော့ တရားမဝင်နေထိုင်တဲ့ သူတွေဟာ ၅၀ဝ၀ဝ၀ ကနေ တစ်သန်းကြားမှာရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားသား တွေဟာ တောင်အာဖရိကနိုင်ငံသားတွေရဲ့ အလုပ်နေရာတွေကို ရယူနေတယ် ဆိုပြီး မကျေနပ်မှုတွေဖြစ်ပေါ်လာတာပါ။
နိုင်ဂျီးရီးယားသမ္မတကတော့ တောင်အာဖရိကမှာရောက်နေတဲ့ သူ့နိုင်ငံသား တွေကို စိတ်အေးအေးထားကြဖို့၊ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ တိုက်တွန်းထားပါတယ်။ နောက်ပြီး နိုင်ငံခြားသားဆန့်ကျင်တိုက်ခိုက်မှုတွေကို အဆုံးသတ်စေမယ့် နည်းလမ်း တွေကိုလည်း အရာရှိတွေနဲ့ ဆွေးနွေးနေတယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိနိုင်ဂျီးရီး ယားကို ပြန်ရောက်လာကြတဲ့ လူတွေကတော့ စိတ်အေးရပေမယ့် ဟိုမှာကျန်ခဲ့ တဲ့သူတွေရဲ့ လုံခြုံရေးစိတ်ချရဖို့ကတော့ ဆက်လက်ကြိုးစားရဦးမှာပါ။ ။
ကိုးကား - စီအင်န်အင်န်