ဇွန် ၁၂
တောင်အာဖရိက အရှေ့ပိုင်း ကိပ်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်ရက်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ၄၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့ မွန်းလွဲပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
ဇွန် ၁၀ ရက်ကမျောပါသွားသော မီနီဘတ်စ်တက္ကစီပေါ်တွင် လိုက်ပါလာသူ၁၃ ဦး ရှိကြောင်း အရှေ့ပိုင်းကိပ်ပြည်နယ်ဝန်ကြီးချုပ်က အတည်ပြုပြောကြားသည်။
၎င်းတို့အနက်သုံးဦးကို ယမန်နေ့က အသက်ရှင်လျက် ကယ်ဆယ်ရရှိပြီး ယာဉ်မောင်းနှင့် ယာဉ်အကူတစ်ဦးတို့နှင့်အတူလေးဦး သေဆုံးကြောင်း အတည်ပြုထားပြီး လေးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ကျန်သေဆုံးသူများသည် အသက်အရွယ် အမျိုးမျိုးရှိသော နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြထားသည်။
မကြာသေးမီရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပွားသည့် ထိခိုက်ပျက်စီးသော ဒေသများအားလုံးတွင် ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ရာနှင့်ချီသောမိသားစုများအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အရေးပါသော အခြေခံအဆောက်အအုံများ သိသိသာသာ ပျက်စီး သွားခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။
ပြင်းထန်သော ရာသီဥတုကြောင့် ဒေသအများအပြားတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို