ဇွန် ၁၇

တောင်အာဖရိကနိုင်ငံအရှေ့ပိုင်းကိပ်ပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေ ၉၀ အထိ မြင့်တက်လာကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အဆိုပါရေကြီးမှုကြောင့် သေဆုံးသူများတွင်  ကလေးဦးရေ ၃၀ နှင့် အရွယ်ရောက်သူဦးရေ ၆၀တို့ပါဝင်ပြီး ၄၈ ဦးသည် အမျိုးသားများဖြစ်ပြီး ၄၂ ဦးသည် အမျိုးသမီးများဖြစ်သည်ဟု သိရသည်။

ရုပ်အလောင်း ၈၀ ကျော်ကို ခွဲခြားဖော်ထုတ်ခဲ့ပြီး သေဆုံးသူ ၇၇ ဦး၏ရုပ်အလောင်းများကို ၎င်းတို့၏မိသားစုဝင်များထံလွှဲပြောင်းပို့ဆောင်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုနှင့် လိုအပ်ချက်များထောက်ပံ့ပေးရန် ရေဘေးသင့်မိသားစုများနှင့် အနီးကပ်ထိတွေ့ဆက်ဆံလျက်ရှိသည်ဟု ပြည်နယ်အစိုးရကဆိုသည်။

ဒေသခံ ၂၆၈၆ ဦး ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လတ်တလောတွင် အမိုးအကာအမျိုးမျိုးတွင်နေရာချထားပေးကြောင်း၊ ထမင်းသုံးနပ်နှင့်မရှိမဖြစ်လိုအပ်သောပစ္စည်းများအားလုံးကို ထောက်ပံ့ပေးထားကြောင်း ဒေသအစိုးရက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို