တောင်အာဖရိကနိုင်ငံမှာ စားသောက်ဆိုင်နဲ့ ရုပ်ရှင်ရုံတွေ ဖွင့်ခွင့်ပေးဖို့ ပြင်ဆင်

၁၈ ဇွန်

 

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး နေ့စဉ်တွေ့ရှိနေပေမယ့် ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းတွေကို ထပ်မံလျော့ချသွားမှာဖြစ်ကြောင်း၊ စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားခွင့် ပြန်ပေးရေး၊ ဆံပင်ညှပ်ဆိုင်တွေ ပြန်ဖွင့်ရေးတွေပါ လုပ်ဆောင်မှာဖြစ်ကြောင်း သမ္မတ ရာမာဖိုဆာက ပြောကြားပါတယ်။ 

 

ကျန်းမာရေးအတွက် လုံခြုံရေးအစီအမံတွေရှိတဲ့ ရုပ်ရှင်ရုံနဲ့ ကဇာတ်ရုံတွေ၊ ဟိုတယ်တွေ၊ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ စည်းဝေးပွဲတွေပါ လုပ်ဆောင်ခွင့် ပေးသွားမယ်လို့ သိရပါတယ်။

 

ဖွင့်ခွင့်ပေးမယ့်ရက်ကိုတော့ ကြေညာသွားခြင်းမရှိသေးပါဘူး။

 

မတ်လ ၂၇ ရက်နေ့စပြီး တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုနဲ့အတူ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ခဲ့ရာ သုံးလကြာပြီးနောက်မှာ နိုင်ငံတစ်ဝန်းမှာ ပြဋ္ဌာန်းထားတဲ့ ပိတ်ဆို့မှုဟာ နိုင်ငံ့စီးပွားရေးအတွက် ရေရှည်မဖြစ်နိုင်တာကို တွေ့ရပါတယ်။ 

 

ပြန်လည်လည်ပတ်ခွင့်တွေကို သေသေချာချာစဉ်းစားပြီးမှ ဆုံးဖြတ်တာဖြစ်ကြောင်း၊ လူတွေအနေနဲ့ လှုပ်ရှားမှုတိုင်းကနေ သက်ရောက်မှု နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ဖို့ သမ္မတ တိုက်တွန်းပါတယ်။ 

 

သမ္မတက မိန့်ခွန်းပြောကြားတဲ့ နေ့မှာပဲ ၂၄ နာရီအတွင်း လူပေါင်း ၄,ဝ၀ဝ မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း သိရပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၈၀,၄၁၂ ဦးရှိပြီး သေဆုံးသူ ၁,၆၇၄ ဦးရှိကြောင်း သိရပါတယ်။ 

 

အာဖရိကတိုက်အတွင်းမှာ တောင်အာဖရိကနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

 

MDN
ကိုးကား - AFP