ဇွန် ၁၆
တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားလာသောကြောင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ပိုမိုတင်းကျပ်စွာချမှတ်ခဲ့သည်။
သမ္မတ ရမ်မာဖိုဆာက စတင်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ တတိယကူးစက်မှုလှိုင်းကို ထိန်းချုပ်နိုင်ရန်အတွက် ယင်းကဲ့သို့ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူလူထုကို ယမန်နေ့ကပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အကြီးဆုံးမြို့ဖြစ်သော ဂျိုဟန်နတ်ဘတ်ပါဝင်သည့် ပြည်နယ်တစ်ခုတွင် အထူးသဖြင့် ကူးစက်မှုမြင့်မားနေသည်ဟု ရမ်မာဖိုဆာက ဆိုသည်။
လူစုလူဝေးပြုလုပ်ခြင်းကို ပိုမိုကန့်သတ်ထားပြီး စားသောက်ဆိုင်များကို ည ကိုးနာရီတွင် ပိတ်သိမ်းရမည်ဟု သမ္မတက အမိန့်ထုတ်ပြန်ထားသည်။
ကျန်းမာရေးလုပ်သားများနှင့် အသက် ၆၀ အထက်အရွယ်များသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူနေကြသည်။
တောင်အာဖရိကနိုင်ငံတွင် ဇန်နဝါရီနှင့် ဇူလိုင်လနှောင်းပိုင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားခဲ့သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁ ဒသမ ၇၅ သန်းကျော်ရှိရာ အာဖရိကတွင် ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို