ဂျိုဟန်နက်စ်ဘာ့ဂ် ဧပြီ ၁၄

 

တောင်အာဖရိကနိုင်ငံ ကွာဇူလူ-နာတာပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ၂၅၃ ဦးသေဆုံးပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း တောင်အာဖရိကအာဏာပိုင်အဖွဲ့က ယမန်နေ့တွင် ပြောကြားသည်။

 

ကွာဇူလူ-နာတာပြည်နယ်၏ ကျန်းမာရေးအမှုဆောင်ကောင်စီအဖွဲ့ဝင် နိုမာဂူဂူဆီမီလန်ကရေကြီးရေလျှံမှုကြောင့် သေဆုံးသူအရေအတွက်ကို ယမန်နေ့က ရုပ်သံလိုင်းမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။

 

သမ္မတရာမာဖိုဆာက ရေဘေးသင့်ဒေသများသို့ သွားရောက်ကာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသွားသည့် မိသားစုဝင်များအတွက် ဝမ်းနည်းပါကြောင်းနှင့် ပျောက်ဆုံးလျက်ရှိသူများကိုလည်း ရှာဖွေကယ်ဆယ်လျက်ရှိကြောင်း ရေဘေးသင့် ပြည်သူများအား ပြောကြားသည်။

 

အစိုးရအဖွဲ့အနေဖြင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေဘေးသင့် ပြည်သူများအား လိုအပ်သည်များ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သမ္မတ ရာမာဖိုဆာက ဆိုသည်။

 

ရေကြီးရေလျှံမှုများကြောင့် ဒေသခံပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အသက်ဆုံးရှုံးမှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ လမ်းမများ၊ တံတားများအပါအဝင် ခရစ်ယာန်ဘုရား ကျောင်းများလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး စာသင်ကျောင်းများကိုလည်း ယာယီပိတ်သိမ်း ထားကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်