၁၆ ဇူလိုင်
တောင်အာရှ တစ်ဝန်းမှာ မိုးသည်းသည်းမည်းမည်း ရွာသွန်းတဲ့အတွက် နေအိမ်အများအပြား ရေမြုပ်ပြီး လူသန်းပေါင်းများစွာဟာလည်း ရေမြုပ်တဲ့ဒဏ်ခံစားရတဲ့အပြင် လူပေါင်း ၁၈၀ လောက် သေဆုံးကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ (အင်္ဂါနေ့) မှာ ထုတ်ပြန်ကြေငြာပါတယ်။

ကမ္ဘာ့လူ့ဦးရေရဲ့ ငါးပုံတစ်ပုံ နေထိုင်တဲ့ တောင်အာရှအတွက် မိုးရာသီဟာ ရေပေးဝေရေးအတွက် အဓိကဖြစ်သလို ပူပြင်းလွန်းတဲ့ နွေအပူဒဏ်ကို သက်သာသွားအောင်လုပ်ဆောင်နိုင်တဲ့အရာလည်းဖြစ်ပါတယ်။

မိုးသည်းသည်းမည်းမည်းရွာနိုင်တဲ့အချိန်ကတော့ ဇွန်လကနေ စက်တင်ဘာလအထိဖြစ်ပြီး ဒီနှစ်မိုးရာသီမှာတော့ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှ်မီးယားဒေသတွေရဲ့ အနိမ့်ပိုင်းဒေသတွေမှာ ရေမြုပ်တဲ့ဒဏ်ခံစားရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မနေ့က ကလေး ၅ ဦး၊ မိုးကြိုးပစ်ခံသူ ၁၈ ဦး၊ နဲ့ လှေမြုပ်ပြီး ရေနစ်သေဆုံးသူ ၇ ဦး အပါအဝင် လူ၃၄ သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ မိုးရွာပြီး ရေလျှံတဲ့အတွက် လူထောင်ချီပြီး ရွေ့ပြောင်းနေထိုင်ရပါတယ်။ စိုးရိမ်ရေမှတ်အထိ လက်မ ၄၀ (တစ်မီတာကျော်) အထိ ရောက်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ လူပေါင်း ၅၀ နီးပါးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နီပေါနိုင်ငံမှာ လူပေါင်း ၆၇ ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်း ရေမြုပ်နေတဲ့ ဒေသရှိ မိသားစုတွေကို ရွှေ့ပြောင်းနေရပါတယ်။

ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှ်မီးယားဒေသမှာ လူပေါင်း ၂၃ ဦးသေဆုံးပြီး အိမ်အလုံး ၁၂၀ ပျက်ဆီးခဲ့သလို ရေပေးဝေရေးနဲ့ လျှပ်စစ်မီးပေးဝေရေးတွေမှာ အနှောက်အယှက်တွေ ရှိနေပါတယ်။

ကျန်းမာရေးလုပ်သားတွေနဲ့ ကျွမ်းကျင်သူတွေက မသန့်ရှင်းတဲ့ရေကဖြစ်ပွားနိုင်တဲ့ရောဂါတွေကို သတိပေးထားပြီး နိုင်ငံတကာအကူအညီတွေကို တောင်းခံထားကြောင်း သိရပါတယ်။

MDN
ကိုကား - AFP