နယူးဒေလီ ၁၇ ဇူလိုင်
တောင်အာရှတစ်ခွင် မုတ်သုံရာသီဝင်ရောက်ချိန် ရေကြီးမှု၊ မြေပြိုမှုဖြစ်စဉ်များကြောင့် လူပေါင်းသန်းချီဘေးဒုက္ခခံစားခဲ့ရပြီး လူပေါင်း ၁၈၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ဇူလိုင် ၁၆ ရက်တွင် ပြောသည်။
မုတ်သုံရာသီမိုးသည် လယ်ယာစိုက်ပျိုးရေးအတွက် အလွန်အရေးကြီးသလို ကမ္ဘာ့လူဦးရေ ငါးပုံတစ်ပုံ မှီတင်းနေထိုင်သော တောင်အာရှအတွက် အပူချိန်ပြင်းထန်မှုကို လျော့ပါးသက်သာစေသော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်အပိုင် ကက်ရှ်မီးယားဒေသများတွင် ရေဘေးဒုက္ခခံစားခဲ့ရသည်။
ဇူလိုင် ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အနည်းဆုံး ကလေးငယ် ငါးဦးရေနစ်သေဆုံးခဲ့ပြီး ရေကြီးမှု၊ မိုးကြိုးပစ်ခံရမှုနှင့်ဆက်စပ် သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးသူလူဦးရေမှာ ၃၄ ဦးအထိ ရှိလာခဲ့သည်။
ဟိမဝန္တာမြစ်တစ်စင်းဖြစ်သည့် ဗြဟ္မပုတ္တရမြစ်တွင်လည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်နေသလို ယင်းနိုင်ငံမြောက်ပိုင်းတွင် ရေကြီးမှုကြောင့် လူပေါင်းရာချီ သောင်တင်ခဲ့ကြသည်။
နီပေါနိုင်ငံတွင်လည်း ရေကြီးခြင်းဖြစ်စဉ်များကြောင့် လူပေါင်း ၆၇ ဦးထက်မနည်း သေဆုံးခဲ့သည်။ သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများက ရေဘေးဒုက္ခသည်များကို ကူညီနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားလျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ရေကြီးမှုဖြစ်စဉ်များမှာ ပိုမိုဆိုးရွားလာနိုင်သဖြင့် ဇူလိုင် ၁၆ ရက်က အနီရောင်အဆင့် အန္တရာယ်သတိပေးချက် ထုတ်ပြန်ခဲ့သည်။ အာသံပြည်နယ်အတွင်းရှိ ကျေးရွာများ၊ အဝေးပြေးလမ်းမကြီးများမှာလည်း ရေကြီးမှုကြောင့် နစ်မြုပ်ခဲ့သည်။
ယခုအချိန်အထိ ရေကြီးမှုဖြစ်စဉ်ကြောင့် ၁၁ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၈၃၀ဝဝ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း၊ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် ယနေ့အထိ ၂၄ ဦးသေဆုံးခဲ့ကြောင်း၊ လူပေါင်း ၂ ဒသမ ၅ သန်း ရေဘေးဒုက္ခခံစားခဲ့ရကြောင်း သိရသည်။
ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသတွင်လည်း တောင်ကျရေကျဆင်းမှုဖြစ်စဉ်များကြောင့် လူပေါင်း ၂၃ ဦးအထိ သေဆုံးခဲ့ပြီး အိမ်ခြေ ၁၂၀ ပျက်စီးခဲ့သကဲ့သို့ လျှပ်စစ်ဓာတ်အားလိုင်းများလည်း ပြတ်တောက်ခဲ့ရသည်။
အေအက်ဖ်ပီ