သိပ္ပံစာရေးဆရာကိုကိုအောင်
ညီလာခံသို့
အရှေ့တောင်အာရှနိုင်ငံများ၊ ဂျပန်၊ ဩစတြေးလျနှင့် တရုတ်(တိုင်ပေ)တို့ပူးတွဲကာ တရုတ် (တိုင်ပေ)၌ ၂၀၁၉ ခုနှစ် တောင်စောင်း မြေပြိုမှုဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတကာညီလာခံ (2019 Taiwan-Southeast Asian Countries International Conference on Slopeland Diaster Prevention)ကို ၂၀၁၉ခုနှစ် စက်တင်ဘာ ၃၀ ရက်ကကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ညီလာခံသည် တောင်စောင်းမြေပြိုမှုဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများအဖို့ အတွေ့အကြုံကို အခြေခံသည့် ဗဟုသုတ ရရှိစေရန် တရုတ်(တိုင်ပေ) Soil and water Conservation Bureau က ကမကထပြု၍ ကျင်းပပြုလုပ်ခဲ့သော ညီလာခံ ဖြစ်သည်။
တိုင်ပေမြို့ National Taiwan တက္ကသိုလ် ကွန်ဗင်းရှင်းစင်တာ၌ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည့်ညီလာခံအပါ အဝင် စက်တင်ဘာ၃၀ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အပြည်ပြည်ဆိုင်ရာနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ အနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီကို ကိုယ်စားပြုကာ တက်ရောက်ခဲ့သည်။ အဆိုပါညီလာခံသို့ အရှေ့ တောင်အာရှနိုင်ငံများနှင့် ဂျပန်၊ ဩစတြေးလျ၊ တရုတ်(တိုင်ပေ)တို့မှ သုတေသနပညာရှင်များ၊ အင်ဂျင်နီယာ ပညာရှင်များ၊ ဘူမိသိပ္ပံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသိပ္ပံများမှ ကိုယ်စား လှယ်များ၊ မိုးလေဝသပညာရှင်များ၊ ရေမြေ ထိန်းသိမ်းရေးပညာရှင်များ တက်ရောက်ခဲ့ကြသည်။
စက်တင်ဘာ ၃၀ ရက် ညီလာခံ၏ နံနက်ပိုင်းအစီအစဉ်တွင် တရုတ်(တိုင်ပေ) Soil & Water Conservation Bureau ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. Chin-Lun Wang နှင့် National Cheng Kung တက္ကသိုလ်၏ ပါမောက္ခ Dr. Chyan-Deng Jan တို့က သဘာပတိအဖြစ် ဆောင်ရွက်ကာ မြေပြိုမှုဘေးအန္တရာယ်နှင့် ပတ်သက်၍ တိုင်ပေမြို့ National Central တက္ကသိုလ်မှ ပါမောက္ခ Dr. Shu-Kun Hsu ၊ ဩစတြေးလျနိုင်ငံ James Cook တက္ကသိုလ်မှ ပါမောက္ခ Dr. Jonathan Nott ၊ ဖိလစ်ပိုင်နိုင်ငံ Institute of Volcanology & Seismology သုတေသနအရာရှိချုပ် Dr. Arturo S.Daag နှင့် ဂျပန်နိုင်ငံ Tsukuba တက္ကသိုလ်မှတွဲဖက် ပါမောက္ခ Dr. Taro Uchida တို့က Keynote Speech များ အသီးသီးပြောကြားခဲ့ကြသည်။
မဟာဗျူဟာဆိုင်ရာ ဆွေးနွေးပွဲဆက်လက်၍ ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်လျှော့ချမှု မဟာဗျူဟာ ဆိုင်ရာဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တရုတ်(တိုင်ပေ) Central Water Bureau ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Dr. MingDain Cheng နှင့် National Taiwan တက္ကသိုလ်၏ ဝါရင့်ပါမောက္ခ Dr. Ben Jong-Dao Jou တို့က သဘာပတိများအဖြစ်ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် National Taiwan တက္ကသိုလ်၏ ဦးဆောင်ပါမောက္ခ Dr. Hung-Chi Kuo က Keynote Speech ပြောကြားပြီး ဖိလစ်ပိုင်နိုင်ငံ PAGASA မှ လက်ထောက် မိုးလေဝသအရာရှိချုပ် Ms. Rosalina G.de Guzma နှင့် National Central တက္ကသိုလ်၏ လက်ထောက်ပါမောက္ခ Dr. Wai-Yu Chang တို့က အသီးသီး ဆွေးနွေး တင်ပြခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဖိလစ်ပိုင်နိုင်ငံ PHIVOLCS ၏ သိပ္ပံသုတေသန ကျွမ်းကျင် ပညာရှင် Ms. Kimberley M. Vitto က ဖိလစ်ပိုင်နိုင်ငံအနောက်ပိုင်း Visayas ဒေသရှိ Negros ကျွန်း၌ ငလျင်ကြောင့် မြေပြိုမှုဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေကို ပုံစံတူပြုလုပ်လေ့လာခြင်း ဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊ သုတေသနအထူးအရာရှိ Dr. Bor-Shouh Huang က မြေပြိုမှုကြောင့် ဧရာမကျောက် စိုင်ကျောက်ခဲကြီးများ တစ်ဟုန်ထိုးပြိုဆင်းလာမှုကို ကြိုတင်ထောက်လှမ်း သတိပြုနိုင်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ PAGASA ၏ မိုးလေဝသပညာရှင် Mr. Lorenzo A.Moron က တောင်စောင်းမြေပြိုမှုကို ဂြိုဟ်တုနှင့် ရေဒါအသုံးပြု၍ ထောက်လှမ်းခြင်းဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်(တိုင်ပေ) Soil &Water Conservation Bureau ၏ အတွင်းရေးမှူးချုပ် Mr. Jung Chi Lian နှင့် Feng Chia တက္ကသိုလ်မှ ပါမောက္ခ Dr. Tien-Yin Chou တို့က သဘာပတိများအဖြစ် ဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ Supporting Policies & Counter - Measures ဆိုင်ရာ ဆွေးနွေးပွဲကို မွန်းလွဲပိုင်း ဒုတိယအစီအစဉ်အဖြစ် ဆက်လက်ကျင်းပရာ တရုတ်(တိုင်ပေ) Soil & Water Conservation Bureau ၏ ညွှန်ကြား ရေးမှူး Dr. Hsiao-Yuan Yin နှင့် National Central တက္ကသိုလ်မှ ပါမောက္ခ Dr. Jia Jyun Dong တို့က သဘာပတိများအဖြစ ်ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် ဖိလစ်ပိုင်နိုင်ငံ Los Ban’os တက္ကသိုလ်မှ ပါမောက္ခ Dr.Jenielyn T.Padrones က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း လူဇုန်ကျွန်း၏ မီးတောင်ဝန်းကျင် မြေအနေအထားကို လေ့လာသုတေသနပြုမှုဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ တရုတ်(တိုင်ပေ) Soil & Water Conservation Bureau ၏ အကြီးတန်းအင်ဂျင်နီယာ Mr. Chi-Rong Chung က အပျက်အစီး အပိုင်းအစများမျောပါစီးဆင်းမှုကြောင့် ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ Los Banos တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင် Dr. Thaddeus P.Lawas က ဘေးအန္တရာယ်ဖြစ်ပွားရာဒေသနှင့် ဆက်သွယ်၍ သတင်းထောက်လှမ်းရယူမှုဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
မွန်ပြည်နယ်၌ ဖြစ်ပွားခဲ့သော တောင်စောင်းမြေပြိုမှု ဖြစ်စဉ်
အဆိုပါကွန်ဖရင့်တွင် မိမိန့်တကွ မြန်မာကိုယ်စားလှယ် အင်ဂျင်နီယာပညာရှင်များက မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တောင်စောင်းမြေပြိုမှု ဖြစ်စဉ်များအပေါ် စစ်ဆေးတွေ့ရှိရမှုများနှင့် ပတ်သက်၍ တရုတ် (တိုင်ပေ) Soil & Water Conservation Bureau မှ ပညာရှင်များ အပါအဝင် နိုင်ငံတကာမှ ပညာရှင်များနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကာ အတွေ့အကြုံနှင့် အမြင်ချင်းဖလှယ်ပြီး ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍လည်း အကြံဉာဏ်များ တောင်းခံရယူခဲ့ကြသည်။
ကွင်းဆင်းလေ့လာမှု ခရီးစဉ်များ
၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မိမိနှင့်တကွ နိုင်ငံတကာမှ တက်ရောက်လာကြသော ကိုယ်စားလှယ် ပညာရှင်ကြီးများသည် တိုင်ပေမြို့ရှိ Emergency Operations Center သို့လည်းကောင်း၊ တိုင်ပေမြို့မှ ၁၀ ကီလိုမီတာကျော် ကွာဝေးသော Highway No.9 ရှိ တောင်စောင်းမြေပြိုကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ အဆင့်မြင့် နည်းပညာများဖြင့် စနစ်တကျပြုပြင် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း မျက်မြင်သွားရောက်လေ့ လာခဲ့ကြသည်။ ထို့နောက် တည်းခိုနေထိုင်ရာ ဟိုတယ်ဆီသို့ အပြန်ခရီးတွင် တိုင်ပေမြို့၏ နာမည်ကျော် Pinglin Tea ပြတိုက်သို့ ဝင်ရောက်လေ့လာခဲ့ကြသည်။
အောက်တိုဘာ ၂ ရက်တွင် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၂၇၀၀ ခန့်မြင့်သောနေရာ၌ တည်ရှိသည့် Wufanshan Weather Radar Station သို့ သွားရောက်၍ အသေးစိတ် လေ့လာခဲ့ကြသည်။ အဆိုပါ Wufanshan မိုးလေဝသ ရေဒါစခန်းသည် တရုတ်(တိုင်ပေ) Central Weather Bureau ၏ တောင်ပေါ်စခန်းဖြစ်ပြီး တိုင်ဖွန်းမုန်တိုင်းနှင့် မကြာခဏ ကြုံတွေ့ရလေ့ရှိသည့် တရုတ်(တိုင်ပေ) ကျွန်းအတွက် မုန်တိုင်း ကြိုတင်တိုင်းထွာ သတိပေးသည့် အဓိကအချက်အချာ ဗဟိုဌာနကြီးဖြစ်သည်။
အပြန်ခရီးတွင် တရုတ်(တိုင်ပေ)ကျွန်းကို ဂျပန်တို့သိမ်းပိုက်အုပ်ချုပ်ခဲ့စဉ်က တူးဖော်ခဲ့ကြသည့် ရွှေသတ္တုမိုင်းကို ဝင်ရောက်လေ့လာခဲ့ကြသည်။ ယခုအခါ အဆိုပါနေရာကို The Gold Museum အဖြစ် ပြုလုပ်ထားပြီး ရွှေတူးဖော်ထုတ်လုပ်ပုံ၊ မြေလွှာအောက်ရှိ ရွှေသတ္တုကြောများ၌ ဖြစ်တည်နေသော ရွှေသတ္တုအမျိုးမျိုးနှင့် သက်တမ်း အနုအရင့်အလိုက် ဖြစ်တည်နေသော ရွှေသတ္တုတို့၏ ဆင့်ကဲပြောင်းလဲမှုများကို တစ်ဆင့်ချင်း အသေးစိတ်ပြသ ထားသည်မှာ အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ဤသို့ဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံမှ စတင်ထွက်ခွာကာ တရုတ်(တိုင်ပေ)၌ ကျင်းပပြုလုပ် သော၂၀၁၉ ခုနှစ် တောင်စောင်းမြေပြိုမှု ဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတကာညီလာခံသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်သည် တန်ဖိုးမဖြတ်နိုင်သော ကွင်းဆင်းလေ့လာမှု များစွာတို့နှင့်အတူ အောက်တိုဘာ ၂ ရက် ညနေပိုင်းတွင် အဆုံး သတ်ကာ အောက်တိုဘာ ၃ရက်တွင် တရုတ် (တိုင်ပေ)မှ ပြန်လည်ထွက်ခွာလာခဲ့ပြီးနောက် အမိမြန်မာနိုင်ငံသို့ အောက်တိုဘာ ၃ ရက် ညနေပိုင်းတွင်ချောမောစွာ ပြန်လည်ရောက်ရှိ ခဲ့ပေတော့သည်။ ။