ခရမ်းစိုးမြင့်

 

ချင်းလူမျိုးတို့သည် အာရှတိုက်အလယ်ပိုင်းကုန်းမြင့်များမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့သော လူမျိုးအုပ်စုသုံးစုအနက် တိဗက်မြန်မာအုပ်စုဝင်များဖြစ်ကြပြီး မြန်မာနိုင်ငံအတွင်းသို့ အနောက်ဘက် လမ်းကြောင်းဖြစ်သော မလိခ၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရောက်ရှိလာရောက် နေထိုင်ကြသူများ ဖြစ်သည်ဟု ဆိုသည်။

 

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ချိန်မှစ၍ “ချင်းဝိသေသတိုင်း” အဖြစ် တည်ရှိခဲ့ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် ဆန္ဒခံယူပြီး အများပြည်သူတို့၏ ဆန္ဒနှင့်အညီ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှ စ၍ “ချင်းပြည်နယ်” အဖြစ် ရပ်တည်လျက်ရှိသည်။ ၂၀၁၅ ခုနှစ်အထိ နေထိုင်ကြသော ချင်းတိုင်းရင်းသားမျိုးနွယ်စု ၅၆ စုရှိသည်ဟု သိရပြီး ပြည်နယ်အကျယ်အဝန်းမှာ ၈၉၀၀၄၅၉ ဧက၊ စတုရန်းမိုင်အားဖြင့် ၁၃၉၀၇ မိုင် ကျယ်ဝန်းသည်ဟု သိရသည်။

 

စိမ်းညိုမှိုင်းမှိုင်း တောင်တန်းကြီးများပေါ်ရှိ အဆိုပါ ျင်းပြည်နယ်သို့ သွားရန် ကျွန်တော်သည် ၂၂-၁၀-၂၀၁၉ ရက်နေ့က မြန်မာ့လေကြောင်းလိုင်းအမှတ် (၅၀၃) ဖြင့် ရန်ကုန်မှ လိုက်ပါခဲ့ရာ ကလေးလေဆိပ်သို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိသည်။ ကလေးလေဆိပ်သို့ ချင်းပြည်နယ် ဖလမ်းခရိုင် ကျေးလက်လမ်းဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေကီးနှင့်အဖွဲ့က လာကြိုသဖြင့် ချင်းပြည်နယ်၏ခရိုင်မြို့တစ်မြို့ဖြစ်သော ဖလမ်းမြို့သို့ ညနေပိုင်းတွင် ရောက်ခဲ့ပြီး ချင်းပြည်နယ် ခရီးအစ ပထမညအဖြစ် အိပ်ခဲ့သည်။

 

နောက်တစ်နေ့ နံနက်စောစောထ၍ တစ်ယောက် တည်း လမ်းလျှောက်ရင်း ဖလမ်းမြို့အပေါ်ပိုင်းဟု ခေါ်သော တောင်ပေါ်မှ လူနေအိမ်များ၊ ရုံးများ၊ ကျောင်းများသို့တစ်လှည့်၊ တောင်တန်းကြီးများသို့ တစ်လှည့် ငေးမော ြည့်နေမိသည်။ ချင်းပြည်နယ်၏ နယ်နိမိတ်များကို ကာရံပေးထားသည့် တောင်တန်းကြီးများ၊ သဘာဝတရားနှင့် လှနေသည့် တောတောင်ရေမြေများ၊ တောင်ပေါ်မှ စီးကျလာသည့် စမ်းချောင်းကလေးများ၊ အဝေးမှမြင်ရသည့် ရောင်စုံပန်းများ၊ လှေကားထစ်တောင်ယာ စိုက်ခင်းများစသည့် ချင်းပြည်နယ်၏ သဘာဝအလှတရားများကို ရပ်၍ ကြည့်ရှုခံစားနေသော ကျွန်တော့်ကို ချင်းပြည်နယ်၏ ဆောင်းအကြို ချမ်းစိမ့်စိမ့်ရာသီဥတုက ရိုက်ခတ်လာသဖြင့် ကျွန်တော်တည်းခိုရာ ဧည့်ရိပ်သာသို့ ပြန်ခဲ့သည်။

 

၂၃-၁၀-၂၀၁၉ ရက်နေ့မှာပဲ မူလလာရင်းအကြောင်း ဖြစ်သည့် ချင်းတောင်ပေါ်မှ ကျေးလက်လမ်းများကို လေ့လာပြီး သတင်းများ၊ သတင်းဆောင်းပါးများ ရေးဖို့အတွက် ချင်းပြည်နယ်၏ ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူ ဖလမ်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေထီးနှင့်အတူ ကားနှစ်စီးဖြင့် ကျေးလက်လမ်းများရှိရာသို့ ထွက်ခဲ့သည်။ ပထမ ရောက်ခဲ့သည်က ချင်းပြည်နယ် ဖလမ်းမြို့နယ် တလပ်လွန်-ခင်ကန်ရွာ -ရ်မွန် လမ်းပိုင်းဖြစ်သည်။

 

တလပ်လွန်-ခင်ကန်-ခေါ်ရွာ-ကျဲရ်မွန်လမ်း

 

တလပ်လွန် -ခင်ကန် - ခေါ်ရွာ - ကျဲရ်မွန်လမ်းသည် ဖလမ်း-ရိဒ်ရေကန်လမ်း မိုင်တိုင် ခြောက်မိုင် သုံးဖာလုံ (တလပ်လွန်ဒေသ) မှ ခင်ကန်-ခေါ်ရွာ-ကျဲရ်မွန်ကျေးရွာများကို ဖြတ်ကာ ဖလမ်း-ရိဒ်ရေကန်လမ်း မိုင်တိုင် ကိုးမိုင် ခြောက်ဖာလုံနှင့် ကိုးမိုင် ခုနစ်ဖာလုံကြားသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းဖြစ်သည်။ ဖလမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လမ်းအဆင့်သတ်မှတ်ချက် “A” စာရင်း၌ ပါဝင်ပြီး ကျေးရွာငါးရွာ၊ အိမ်ခြေ ၁၈၄ ၊ လူဦးရေ ၈၆၉ ဦးတို့အား အကျိုးပြုသော ကျေးရွာချင်းဆက်လမ်းဖြစ်သည်။

အဆိုပါလမ်းသည် ယခင်ကလမ်းအရှည် ခြောက်မိုင်လေးဖာလုံရှိသော ကျေးရွာချင်းဆက် ဆိုင်ကယ်လမ်း ဖြစ်ခဲ့ရာ ကားလမ်းအဖြစ် ဖောက်လုပ်ရာတွင် လမ်းအူကြောင်းပြောင်းလဲ ဖောက်လုပ်ရသည့် အပိုင်းများရှိခြင်းကြောင့် လက်ရှိတွင် လမ်းအရှည် ခုနစ်မိုင် လေးဖာလုံ ဖြစ်သွားခဲ့သည်။ ။

 

၁၄-၁၀-၂၀၁၇ ရက်နေ့ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၏ ဖလမ်းမြို့နယ်ခရီးစဉ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဖလမ်းမြို့နယ် တလပ်လွန်-ခင်ကန်-ခေါရွာ-ကျဲရ်မွန်မြေလမ်း ခုနစ်မိုင်လေးဖာလုံ ဖောက်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပြီးစီးပါက ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဖလမ်းသို့ လုပ်ငန်းလွှဲပြောင်းပေးရန် နှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့သည်ဟု သိရသည်။

 

ကျေးရွာလူထု၏ ကြိုဆိုမှု ကျွန်တော်တို့သည် အဆိုပါကျေးလက်လမ်းပေါ်မှ  ကားများ ဖြတ်သန်းမောင်းနှင်ခြင်း၊ သတင်းဓာတ်ပုံနှင့် သတင်းဆောင်းပါးအတွက် ဓာတ်ပုံများ ရိုက်ကူးခြင်း ဆောင်ရွက်ပြီး ကျေးလက်ပြည်သူများနှင့် ကျေးလက်လမ်း အဆင့်မြှင့်တင်နေသော လမ်းဖောက်၊ လမ်းပြင်လုပ်သားကြီးများကို လက်ပြနှုတ်ဆက်၍ ကျေးလက်လမ်းအတိုင်း ခရီးဆက်ခဲ့သည်။ ထိုနေ့နံနက်စာကို ကျေးလက်လမ်းပေါ်ရှိ ကလောမွန်ရွာမှာ စားကြသည်။ ထိုထမင်းဆိုင်နေရာက သာယာလှသည်။ ကျွန်တော်တို့ ထမင်းစားသည့်နေရာအနီးမှ တောင်ပေါ်စမ်းချောင်းလေးတစ်ခုမှ တောင်ကျ ရေများ စီးဆင်းလျက်ရှိသည်။

 

ထမင်းစားပြီး ခရီးဆက်ခဲ့ရာ မွန်လရွာမှ မျှော်လင့်မထားသော ကျေးရွာလူထု၏ ကြိုဆိုမှုကို တွေ့လိုက်ရသည်။ တစ်ရွာလုံးထွက်တန်းစီ၍ နှုတ်ဆက်ကြသည်။ ကျေးလက်သားပျို သမီးပျိုလေးများက တူညီဝတ်စုံဝတ်၍ ဇော်(လ်)ခေါစီရယ်အကဖြင့် ကပြဖျော်ဖြေကြသည်။  ဝမ်းသာပီတိဖြစ်လွန်း၍ ကျွန်တော်သည် ကျွန်တော့်အသက် ၇၇ နှစ်ကို မေ့သွားပြီး လက်စွဲတော်ကင်မရာကို ကင်မရာအိတ်ထဲက ထုတ်ကာ ကလေးများ၏ ကပြမှုကို လှည့်ပတ် ဓာတ်ပုံရိုက်နေမိသည်။ ခြေထောက်က နည်းနည်းနာလာကာ သိပ်လမ်းမလျှောက်နိုင်။ ငါ တောင်ဝှေး  အားကိုးနှင့် ခရီးသွားနေရတာပါလားဆိုတာကို ပြီးမှသတိရမိသည်။ ထိုရွာလေးသည် ဖလမ်းမြို့မှ ၅၇ မိုင်  လေးဖာလုံဝေးသည်။ အိမ်ခြေ ၃၀ရှိပြီး ချင်းလူမျိုး ၁၇၅ ဦးနေထိုင်၍ နောက်မွေးခြင်း၊ ဂျင်းစိုက်ခြင်း၊ စပါးစိုက်ခြင်း၊ ဆေးရွက်ကြီးများ စိုက်ပျိုးခြင်းကို လုပ်ကိုင်စားသောက်ပြီး အေးချမ်းသာယာနေသော ချင်းတောင် တန်းများပေါ်မှ ရွာကလေးတစ်ရွာဖြစ်သည်။ သူတို့ နေထိုင်ရာ ရွာကလေးမှ အခြားရွာများနှင့် ဆက်သွယ် သွားလာ၍ရအောင် လမ်းများဖောက်ပေးသော ကျေးလက် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများကို ကျေးဇူးတင်သောကြောင့် ဂုဏ်ပြုကြိုဆိုခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထမင်းများလည်း ကျွေးကြသည်။ ကျွန်တော်တို့အဖွဲ့က မကြာသေးခင်က လမ်းမှာစားလာသောကြောင့် မစားနိုင်တော့ကြောင်း တောင်းပန်ခဲ့ရသည်။

 

mdn

 

ချင်းပြည်နယ်မှ ရိဒ်ရေကန်ကြီး

 

ကျွန်တော်တို့သည် ထိုရွာမှ ခရီးဆက်ခဲ့ရာ ညနေပိုင်းတွင် ကမ္ဘာကျော် ချင်းပြည်နယ်မှ ရိဒ်ရေကန်ကြီးရှိရာ ရိဒ်ခေါဒါရ်မြို့သို့ ရောက်ရှိသွားပါတော့သည်။ ချင်းတောင်တန်းကြီးများ ပတ်ခွေဝန်းရံထားသော အသည်းပုံ ရိဒ်ရေကန်ကြီးသည် ရန်ကုန်သား ကျွန်တော်အဖို့ အမြင်ဆန်းလွန်းလှသည်။ ကန်၏အပေါ်ပေ၂၀ လောက်မှ ကန်ကိုကြည့်ရသော်လည်း ကန်တွင်းရှိ ရေများ ကြည်လင်စိမ်းလဲ့နေသည်ကို အတိုင်းသား တွေ့နေရသည်။ ရိဒ်ရေကန်ကြီး သမိုင်းကြောင်းကိုတော့ ကျွန်တော်တို့ လက်လှမ်း မမီ၍ မေးမရခဲ့ပေ။ ပါးစပ်စကားအရ ပေ ၆၀ လောက် နက်သည်၊ ကန်ရေသည် တစ်နှစ်တစ်ကြိမ် ဒီဇင်ဘာလမှာ နောက်သည်။

 

အင်္ဂလိပ်အစိုးရလက်ထက်က ကန်မှရေများကို သံပိုက်များဖြင့် ရေမြောင်းသွယ်၍ ဖောက်ထုတ်ခဲ့ကြသောသူများ ကန်ရေမခန်းခင် ကန်တွင်းမှ နဂါးနှစ်ကောင် ရေပေါ် ထောင်ပေါ်လာပြီး လှုပ်ရမ်းခဲ့သဖြင့် ရေများဖောက်ထုတ်နေသော သံပိုက်လုံးများ ပြိုကျကာ ကန်မှ ရေဖောက် ထုတ်သူအားလုံး သေဆုံးသွားခဲ့ဖူးသည်ဟု ဆိုကြသည်။ အဲဒီအချိန်ကတည်းကမှ ကန်မှ ရေဖောက်ထုတ်ရန် မည်သူမှ မလုပ်ရဲတော့ဟု ဆိုသည်။ ရိဒ်ရေကန်မှ ရေများ နွေရောမိုးပါ ရေလျှံခြင်း၊ ရေခန်းခြင်းမရှိဟု ဆိုသည်။ သို့သော် ရိဒ်ရေကန်နှင့် ပတ်သက်၍ ကျွန်တော်တို့ သိခဲ့ ကြားသိခဲ့ရသည်က ပါးစပ်ရာဇဝင်သာ ဖြစ်သည်။ သမိုင်းကြောင်းတစ်ခုတော့ ရှိတန်ကောင်းသည်။ ယခုမှစ၍ ချင်းပြည်နယ်ကို နိုင်ငံတော်အစိုးရက ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်လေ့လာနိုင်ရန် စီစဉ်တော့မည်ဟု သိရသည်။ ထို့ကြောင့် ချင်းပြည်နယ်တာဝန်ရှိသူများအနေဖြင့် ချင်းပြည်နယ်၏ အထင်ကရ ရိဒ်ရေကန်အကြောင်းကို ပြုစု၍ လာရောက်လေ့လာသူများ သိရှိနိုင်ရန် ပန်းဖလက်လို အရာမျိုးပြုလုပ်ပြီး ဝေငှခြင်း သို့မဟုတ် ရောင်းချပေးခြင်းမျိုး ဆောင်ရွက်ပေးသင့်သည်ဟု ကျွန်တော်အကြံပြုချင်ပါသည်။

 

ထိုနေ့ညက ရိဒ်ရေကန်အနီးရှိ ပြည်ထောင်စုရိပ်သာ ၌ ညအိပ်ကြသည်။ ရိပ်သာ၌ နိုင်ငံတော်ဓာတ်အား မရောက်သဖြင့် မီးစက်ဖြင့် မီးပေးရသည်ကို မသိ သောကြောင့် ဓာတ်မီးမပါ၊ ဖယောင်းတိုင်မပါ၊ မီးခြစ် မပါသဖြင့် တစ်ညလုံး မှောင်မှောင်မည်းမည်းဖြင့် အိပ်ခဲ့ရသည်။ ။

မြန်မာ့အလင်း