တောင်ကြီး မတ် ၁၃

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်စကားပြော၊ ကိုရီးယားစကားပြော၊ စစ်တုရင်နှင့် ပန်းချီသင်တန်းဖွင့်ပွဲကို မတ် ၁၃ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က “နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုပြီး လူငယ်ကဏ္ဍကို အလေးထား ထည့်သွင်းချမှတ် ထားပါကြောင်း၊ ယနေ့ လူထူအခြေပြုဗဟို ဌာနတွင် နွေရာသီကာလအတွင်း ဖွင့်လှစ်သည့် သင်တန်းများကို တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့်  သင်တန်းများကို အချိန်မှန်မှန် တက်ရောက်ပေးကြရန်နှင့် သင်တန်းမှ သင်ကြားပေးမည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ ကြိုးစားလေ့လာသင်ယူကြရန်” ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည့်ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး နွေရာသီသင်တန်းများအတွက် ထောက်ပံ့ငွေများနှင့် စစ်တုရင်သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လက်ခံရယူကာ ပန်းချီသင်တန်းအတွက် သင်ထောက်ကူ ပစ္စည်းများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ပေးအပ်ရာ ခရိုင်ဦးစီမှူးက လက်ခံရယူသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူထုအခြေပြုဗဟိုဌာနရှိ ဟင်းလင်းပြင် အားကစားနေရာတွင် လူငယ်များလေ့ကျင့် ကစားနေမှု၊ ဂျင်အားကစားခန်းမတွင် လူငယ်လူရွယ်များ ကစားနေမှု၊ သင်တန်းခန်းမတွင် အင်္ဂလိပ်ဘာသာရပ် သင်ကြားနေမှု၊ ကွန်ပျူတာ ဘာသာရပ် သင်ကြားနေမှု၊ စာကြည့်တိုက်ခန်းမနှင့် ကလေးများ ရောင်စုံပန်းချီ ဆေးရောင်ခြည်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

 

မောင်မောင်သန်း(ပြန်/ဆက်)