တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီး

 

နေပြည်တော် ဇွန် ၂၆

 

၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို နေပြည်တော် ကောင်စီနယ်မြေ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင်းပခဲ့ပြီး တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ ဖျက်ဆီးခြင်းကို တစ်ပြိုင်တည်း ကျင်းပကြကာ စာပေ၊ ဂီတပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ကြသည်။

 

ယနေ့ကျရောက်သည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းကို နံနက် ၁၀ ခွဲတွင် တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းနှင့် ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်းကို နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ထီဖောင်းကျေးရွာအုပ်စုရှိ ကျောက်ကျင်းဟောင်း၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ်တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) နှင့် NGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အဆိုပါ မီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၂ ကီလိုကျော်၊ ဘိန်းဖြူ ၂၃၃ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၅ သန်းကျော်၊ အိုက်စ် ၁၁၅၄၄ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၅၃ ကီလိုကျော်၊ ကက်တမင်း ၁၄၆၆ ကီလိုခန့်၊ ဆေးခြောက် ၈၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၄ မျိုးနှင့် ဓာတုပစ္စည်း ၆၉ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၆၁၇ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၆၈ သန်းကျော်)အား မီးရှို့၊ မြေမြှုပ်ဖျက်ဆီး ခဲ့သည်။

 

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ဒဂုံဧရာကုန်တင်ယာဉ်ရပ် နားကွင်း၌ ဖမ်းဆီးရမိမူးယစ် ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို နံနက် ၈ နာရီတွင် ပြုလုပ်ရာ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိကြီး များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ဘရူနိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ သံအမတ်ကြီးများ၊ ရုရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ တရုတ်နိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များ၊ UNODC နှင့် AFP တို့မှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အဆိုပါ မီးရှို့ဖျက်ဆီးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ဖမ်းဆီးရမိသော ဘိန်းဖြူ ၃၄၄ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀ သန်းကျော်၊ အိုက်စ် ၂၈၁၄၀ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၅၁ ကီလိုကျော်၊ ဘိန်းစာမှုန့် ၂၆၃ ကီလိုကျော်၊ ကက်တမင်း ၇၁၁၈ ကီလိုခန့်၊ ဆေးခြောက် ၉၅၄ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၃ မျိုး နှင့် ဓာတုပစ္စည်း ရှစ်မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၁၇၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၃၂၁ သန်းကျော်) အား မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခဲ့သည်။

 

အလားတူ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ လေယာဉ်ကွင်းအဟောင်း၌ နံနက် ၈ နာရီတွင် ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး၊ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိကြီးများ၊ ရဲအရာရှိကြီးများ၊ မန္တလေးမြို့ အခြေစိုက်ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

မီးရှို့ဖျက်ဆီးပွဲတွင် မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၅၉၃ ကီလိုခန့်၊ ဘိန်းဖြူ ၁၆၇၁ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅ သန်းကျော်၊ အိုက်စ် ၂၃ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၅၃ ကီလိုကျော်၊ ကက်တမင်း ၂၆ ကီလို ကျော်၊ ဆေးခြောက် ၁၀၆ ကီလို ကျော်အပါအဝင် မူးယစ်ဆေးဝါးအမျိုး ၂၀ နှင့် ဓာတုပစ္စည်း ခုနစ်မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၁၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၁၃ သန်းကျော်) အား မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခဲ့သည်။

ထို့ပြင် ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၊ မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည်(တောင်) လေယာဉ်ကွင်းအဟောင်းတို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပရာ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ နိုင်ငံခြားသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခြင်း၊ မူးယစ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာဖတ်ကြားခြင်း၊ စာပေ၊ ဂီတပြိုင်ပွဲ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ် တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဆုချီးမြှင့်ခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်းများအား လှည့်လည် ကြည့်ရှုခြင်းများ ဆောင်ရွက်ကြ သည်။

 

ယခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခြင်းအခမ်းအနား များကို တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘိန်း ၁၀၆၆ ကီလိုခန့်၊ ဘိန်းဖြူ ၂၂၄၉ ကီလို ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၁ သန်းကျော်၊ အိုက်စ် ၃၉၇၀၈ ကီလိုခန့်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၅၈ ကီလိုကျော်၊ ဘိန်းစာမှုန့် ၂၆၄ ကီလိုခန့်၊ ဆေးခြောက် ၁၁၄၈ ကီလိုခန့်နှင့် ကက်တမင်း ၈၆၁၁ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း အမျိုး ၁၁၀ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂၂၁၀ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော်) တို့အား ဖျက်ဆီး ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း အများအပြားဖမ်းဆီးရမိကာ ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၂၆ ခုနှစ် မေ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ငွေကျပ် ၂၂၁၀ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်