တောင်ကြီး၊  ၂၉ ဒီဇင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးခရိုင် စီမံခန့်ခွဲ့မှုကော်မတီမှ ဦးဆောင်ကျင်းပသော တောင်ကြီးမြို့ သဘာဝအရင်းအမြစ် ထိန်းသိမ်းရေး တာဝန်ပေးအပ်ပွဲနှင့် တောင်ကြီးခရိုင် Mask Campaign တိုးမြှင့် ဆောင်ရွက်ရေး အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေက နှုတ်ခွန်းဆက်စကားပြောကြားပြီး တောင်ကြီးခရိုင် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုလွင်က တောင်ကြီးမြို့ ကျက်သရေဆောင် တောင်စွယ် တောင်တန်းများ၊ တောတောင်သဘာဝအလှ၊ ရေဝေရေလဲဂေဟနစ်များ ပျက်စီးဆုံးရှုံးမှုများကို အချိန်မီ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြသည်။ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးက Working Group တွင် ဒေသခံပြည်သူအများစုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်စေခြင်းဖြင့် ပိုမိုကောင်မွန်သည့် Implementation Strategy ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည့် လုပ်ငန်းဆောင်ရွက်မှုကို တင်ပြဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသော လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ တောင်ကြီးခရိုင်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုလွင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

စိုင်းသန်းကျော်(တောင်ကြီး)