တောင်ကြီး ဇွန် ၂၃
တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေနုတ်မြောင်းနှင့် ချောင်းများ ရေစီးရေလာ ကောင်းမွန်ရေး အတွက် ဇွန် ၂၃ ရက် ညနေ ၃ နာရီက ပြည်နယ် စည်ပင်သာယာရေးဌာနနှင့် ပြည်နယ်လမ်းဦးစီးဌာနတို့မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ လာရောက်ရှင်းလင်းတင်ပြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းနှင့်ချောင်းများ ရေစီးရေလာကောင်းမွန်ရန် သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထို့အတူ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းများ အဆင်ပြေပြေ ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိကကုမ္ပဏီများနှင့် စာချုပ်အမြန်ဆုံးချုပ်ဆိုရန် လိုအပ်ပြီး တာဝန်ရှိသူများက စည်းကမ်း စနစ်တကျ အချိန်မှန်မှန် အမှိုက်များသိမ်းဆည်းပေးရန်လိုကြောင်း၊ ထီသိမ်ဘူတာသည် ဘဝသံသရာ ရထားလမ်းရှိပြီး လာရောက် လည်ပတ်သူများ အပန်းဖြေ အနားယူနိုင်ရန် ကောင်းမွန်သည့် နေရာတစ်ခုဖြစ်၍ ဘူတာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်များ စိုက်ပျိုးပေးရန် လိုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်လမ်းဦးစီး ဌာနမှ ထီသိမ် ဘူတာအနီးရှိ View Point ဆောင်ရွက်မည့် နေရာနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆွေးနွေးတင်ပြ ချက်များအပေါ်ပြည်နယ်ဝန်ကြီးချုပ်က ထီသိမ်ဘူတာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်များစိုက်ပျိုးပေးကြရန်၊ ဘဝသံသရာရထားအဝိုင်းတွင် သစ်ပင်စိုက်ပျိုးရန်၊ ကျန်ရှိနေရာများတွင် အချိန်နှင့်တစ်ပြေးညီ သစ်ပင်စိုက်ပျိုးပေးကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ထီသိမ်ဘူတာသို့သွားရောက်၍ View Point ဆောင်ရွက်မည့် နေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)