တောင်ကြီး မတ် ၃၁

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မိရိုးဖလာရိုးရာ ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် သင်္ကြန်ပွဲတော်ဖြစ်စေရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည် နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း၍ စနစ်တကျပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရန် ဗဟိုမဏ္ဍပ်အား အလျား ၁၀၄ ပေ၊ အနံပေ ၄၀ ဖြင့်လည်းကောင်း၊ အခြားရေကစားမဏ္ဍပ် ရှစ်ခုတို့အား အလျားပေ ၅၀၊ အနံပေ ၃၀ ဖြင့် လည်းကောင်း စုစုပေါင်းမဏ္ဍပ် ကိုးခုဖြင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက်တွင် ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ပြီး စက်သုံးဆီ ချွေတာခြင်းအားဖြင့် လမ်းလျှောက်သင်္ကြန်ကိုလည်း တောင်ကြီးမြို့ သပြေလမ်းထိပ်မှ မဲခေါင်ရိပ်သာအထိ ပေ ၁၆၀၀ ခန့်ဖြင့် လည်းကောင်း၊ Ocean Center မှ Jasmine Hotel အထိ ပေ ၇၅၀ ခန့်ဖြင့် လည်းကောင်း တိုင်းရင်းသားမိဘပြည်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

 

ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေး မှု မဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်းထက် ပိုမိုထူးခြား လေးနက်စွာ ကျင်းပသွား နိုင်ရန် စတုဒိသာကျွေးမွေးမည့် အစီအစဉ်များအပြင် မြန်မာ့ရိုးရာ သနပ်ခါးသင်္ကြန်ကမ်ပိန်း၊ လက်ဖက်ကမ်ပိန်း၊ မြန်မာ့ရိုးရာ ထမနဲ ကမ်ပိန်းစသည့် ထူးထူးခြားခြား အစီအစဉ်များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

တောင်ကြီးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကအလှပြိုင်ပွဲများ အား တက္ကသိုလ်၊ ဒီဂရီကောလိပ် များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများမှပါဝင်မည့် ယိမ်း အကပြိုင်ပွဲဝင်များနှင့် ဖျော်ဖြေ ရေးယိမ်းအကအဖွဲ့များ၊ နိုင်ငံကျော် အဆိုတော်များ၊ ဒေသခံခေတ်ပေါ်တေးဂီတ အဆိုတော်များဖြင့် ဖျော်ဖြေတင် ဆက်သွားမည်ဖြစ်ကာ ဒေသခံတိုင်းရင်းသားပြည်သူများ နှစ်သစ်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာယာ ရေးအတွက် သင်္ကြန်အကြိုနေ့မှစ၍ နှစ်ဆန်း (၃) ရက်နေ့အထိ အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ နှစ်ဆန်း (၁)ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)