တောင်ကြီး ၁၈ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်တွင် စိုက်ပျိုးစရိတ် ချေးငွေများအား တောင်သူများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရက အတိုးနှုန်းသက်သာစွာဖြင့် တောင်သူများအား စပါး(လယ်ယာ)တစ်ဧကလျှင် ကျပ်တစ်သိန်းငါးသောင်းနှုန်း၊ ပြောင်း(ယာ)တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး ၁၀ ဧကနှုန်းဖြင့် ထုတ်ချေးပေးခြင်းကို မေ ၁၈ ရက် နံနက် ၁၀ နာရီတွင် တောင်ကြီးခရိုင်ဘဏ်ခွဲ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျေးရွာအုပ်စု(၃)စု၊ တောင်သူပေါင်း ၁၈၈ ဦးအတွက် စုစုပေါင်း ဧက ၁၃၁၇ ဧကအတွက် ချေးငွေပေါင်း ၁၃၉၀.၅၀ သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးမြေ ၁၃၁၇ ဧကရှိပြီး စပါးစိုက်ဧက ၁၄၇ ဧကအတွက် တစ်ဧကကို ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ပြောင်းဧက ၁၁၇၀ ဧကအတွက် တစ်ဧကကို ကျပ် ၁၀၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တောင်ကြီးခရိုင်ဘဏ်ခွဲက ၂၀၂၀ မိုးစပါးနှင့် အခြာသီးနှံများအား ချေးငွေများကို ၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်မှ စတင်၍ တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


