တောင်ကြီး ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၆ နာရီက ရှမ်းပြည်နယ်၊ ပြည်နယ်အားကစားကွင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပခဲ့သည်။
အဆိုပါ လမ်းလျှောက်ပွဲကို ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့ ဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားဝါသနာရှင် လူငယ်များက ပြည်နယ်အားကစားကွင်း ပြေးလမ်းတွင် ကွင်းလေးပတ် စုပေါင်းလမ်းလျှောက်ကြပြီး စုပေါင်းကိုယ်ကာယ သွေးပူလေ့ကျင့်ခန်း အတွဲ(၁-၂)တို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အားကစားဝါသနာရှင် လူငယ်အမျိုသား၊ အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၄၀၀) လက်ဆင့်ကမ်း အမျိုးသားပြိုင်ပွဲကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသူ များအား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


