တောင်ကြီး ဇန်နဝါရီ ၂၈

 

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေ လေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် တောင်ကြီးမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့ တက်ရောက်အားပေးကြသည်။

 

ဂုဏ်ပြုချီးမြှင့်

ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းလွင်ဦး၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဘင်ခရာအဖွဲ့၊ ပန်းဖွားအဖွဲ့၊ မြန်မာ့သိုင်းသရုပ်ပြအဖွဲ့၊ Fitness Dance အဖွဲ့၊ ဦးရွှေရိုး၊ ဒေါ်မိုးအက အဖွဲ့နှင့် ကိန္နရီ၊ ကိန္နရာ အကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

 

ထို့နောက် ကာယ၊ ဉာဏ ပြိုင်ပွဲများဖြစ်သည့် ရုပ်ပုံဆက်၊ စကားပုံဆက်၊ မြားပစ်၊ စက်ဝိုင်းလှည့်၊ ဂုန်နီအိတ်စွပ်၊ ဆန်ကော ရွက်၊ ခုံဖိနပ်စီး၊ ခွက်နင်း၊ ခါးလှည့် ပြိုင်ပွဲများနှင့် စာအုပ်အရောင်းဆိုင်တို့ကို လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ကျောင်းသား ကျောင်းသူများအား အာဟာရ ဒါနများ ပေးဝေငှကာ ကလေးငယ်များအား အမှတ်တရ အရုပ်လက်ဆောင်များပေးအပ်၍ ပညာ့ဗိမာန်ကျောင်းစာကြည့်ကို ကြည့်ရှု အားပေးသည်။

 

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်း မြသီရိခန်းမ၌ကျင်းပရာ တောင်ကြီးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် သီဆို ဖွင့်လှစ်ပေးပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်”၊ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်” Video Clip တို့ကို ပြသသည်။

 

ဖတ်ရှုကြရန်လို

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့ အချိန်တွင် လူတိုင်းလူတိုင်းက အသိပညာကိုရှာမှီးပြီး မိမိဘဝကို လှပစွာ ဖန်တီးလျက်ရှိကြပါကြောင်း၊ လူငယ်များအနေဖြင့် အသိပညာရှာမှီးပြီး မိမိတို့ဘဝတိုးတက်စေရန်နှင့် နိုင်ငံကို အကျိုးပြုနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျင်းပပြီး လူငယ်များ စာပေ ဖတ်ရှုလာအောင် လှုံ့ဆော်ပေးနေသော်လည်း နောင်တွင် မည်သူမျှလှုံ့ဆော်ရန်မလိုဘဲ မိမိအသိစိတ်ဓာတ်ဖြင့် စာပေလေ့လာဖတ်ရှုကြရန် လိုအပ်ပါကြောင်း။

 

နိုင်ငံ့အကျိုးဆောင်ရွက်စေလို

 နိုင်ငံတော် အကြီးအကဲက စာပေလေ့လာဖတ်ရှုရန်၊ စာပေမှရရှိသော အသိပညာများကို မှတ်သားရန်နှင့် အခြားသူ များကိုလည်း ပြန်လည်ဆွေးနွေးမျှဝေကြရန် မှာကြားထားပါကြောင်း၊ စာကြည့်တိုက်များကို အသိပညာများ၊ သိုလှောင်ထားသည့် ပညာ ဘဏ်တိုက်များအဖြစ်ရှုမြင်ပြီး တန်ဖိုးထားကြစေလိုကြောင်း၊ စာအုပ်စာစောင် အဟောင်းများကို မဖတ်ရသေးပါက အသစ်ဟု သဘောထား၍ ဖတ်မှတ်လေ့လာကြရန် လိုအပ်ပါကြောင်း၊ စာမတတ် သူသည် ထိုင်နေသည့် လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူမှာ ရပ်နေသည့် လူနှင့်တူ ကြောင်း၊ စာတတ်ပြီး စာပေ လေ့လာ ဖတ်ရှုသူဖြစ်မှသာ လမ်းလျှောက်နေသည့် လူနှင့်တူသည်ဟု နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထား သည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် စာလည်းတတ်၊ စာလည်းဖတ်ပြီး အသိဉာဏ်ပညာ ပြည့်ဝစွာဖြင့် အနာဂတ်ကို လျှောက်လှမ်းနေကြ ရမည်ဖြစ်ကြောင်း၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့် အသိပညာများဖြင့် မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

လက်ခံရယူ

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်အစိုးရ အဖွဲ့အတွက် DTH စလောင်း အစုံ ၁၀ဝ နှင့် DVB T2 Set Top Box အလုံး ၁၀ဝ အား ပေးအပ်လှူဒါန်းရာ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က လည်းကောင်း၊ တပ်နယ်များအတွက် DTH စလောင်း အစုံ ၅၀ နှင့် DVB T2 Set Top Box အလုံး ၁၀ဝ အား ပေးအပ်လှူဒါန်းရာ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူး နိုင်လင်းက လည်းကောင်း၊ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွက် DTH စလောင်း ၁၅ လုံးအား ပေးအပ်လှူဒါန်းရာ ပြည်နယ်ပညာရေးမှူးတို့က လက်ခံရယူသည်။

 

ထို့နောက် ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီနာယက ပြည်နယ် ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ စာကြည့်တိုက် အသစ်များ တည်ဆောက်ပေးလျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များ ကျင်းပလျက်ရှိရာ ယခုပွဲတော် သည် (၁၃) ကြိမ်မြောက် ကျင်းပ ခြင်းဖြစ်ပြီး ခရိုင်နှင့်မြို့နယ်များ တွင် စဉ်ဆက်မပြတ် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါကြောင်း။ ယနေ့အချိန်တွင် ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ဗဟုသုတ ပြည့်စုံကြွယ်ဝဖို့ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်စေရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ရင်ပေါင်တန်းကာ သာယာဝပြောသည့် လူ့ဘောင် အသိုက်အဝန်း တည်ဆောက်နိုင် ရန်အတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသော လူသားအရင်း အမြစ်များ လိုအပ်မည်ဖြစ်သဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ကျောင်းစာကြည့် တိုက်များအတွက် သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်း ပေးအပ်သည်။

 

ယင်းနောက် လူမှုရေးရာ ဝန်ကြီး ဦးမင်းမင်းလွင်နှင့် ကျောင်းအုပ် ဆရာမကြီးတို့က အလှူရှင်များထံမှ စာအုပ်စာစောင် များနှင့် အလှူငွေများ လက်ခံရယူ ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ဂုဏ်ပြုငွေများပေးအပ်

ဆက်လက်၍ တောင်ကြီးမြို့ အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ရှမ်းတိုင်းရင်း သားအက” ဖြင့် လည်းကောင်း၊ “ပအိုဝ်းတိုင်းရင်းသားအက” ဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက် ကြကာ အကအဖွဲ့များကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် တွင် ခင်းကျင်းပြသထားသော စာအုပ်နှင့်ဓာတ်ပုံပြပွဲ၊ သိပ္ပံပြခန်း၊ မူးယစ်ဆေးဝါး အသိပညာပေး ပြခန်း၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲတို့ကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် တောင်ကြီး တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

 

ရှေးဦးစွာ “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်” နှင့် “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်း ဖြစ်ပါသည်” Video Clip တို့ကို ပြသသည်။

 

ဆွေးနွေးမှာကြား

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မသမာသူများက သတင်းတု၊ သတင်းမှား ထုတ်လွှင့် ၍ ပြည်သူများအား အတွေးအမြင် လွဲမှားအောင် ဆောင်ရွက်နေကြပါ ကြောင်း၊ လူငယ်များအနေဖြင့် သတင်းမှားများကို မယုံကြည်ဘဲ မှန်ကန်စွာ ဝေဖန်ပိုင်းခြားတတ်ရန် လိုအပ်ကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏အနာဂတ်အတွက် အားကိုး အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သဖြင့် စာပေဖတ်ရှုလေ့လာ၍ အသိအမြင်တိုးပွားအောင် ဆောင်ရွက် ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက တောင်ကြီးမြို့ပေါ်ရှိ တက္ကသိုလ်များအတွက် DTH စလောင်း ၁ဝစုံ ပေးအပ်လှူဒါန်းရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ ကေသီသင်က လက်ခံရယူပြီး ကျောင်းသား ကျောင်းသူများအား DTH စလောင်း ၁ဝ စုံနှင့် DVB T2 Set Top Box ၁ဝ လုံးအား ကံစမ်းမဲဖောက်၍ လက်ဆောင်ပေးအပ်ကာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ ကေသီသင်က ကျေးဇူး တင်စကား ပြောကြားခဲ့သည်။

 

ကာကွယ်စောင့်ရှောက်

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ခန်းမ၌ ပြုလုပ်သည့် MRTV DTH စလောင်းနှင့် DVB T2 Set Top Box ပေးအပ်လှူဒါန်းပွဲသို့တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် ယနေ့အချိန်တွင် မီဒီယာကို ကိုယ်ကျိုးစီးပွားအတွက် မလျော်မကန် အသုံးပြုနေကြကြောင်း၊ မီဒီယာများပေါ်တွင် အမှန်တရားနှင့်ကင်းလွတ်သည့် သတင်းများနှင့် ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ဖော်ပြမှုများ ကြောင့် အကျိုးယုတ်လျက် ရှိပါကြောင်း၊ သတင်းတု၊ သတင်းမှားများ ချေဖျက်ရန်နှင့် သတင်းမှန်များ မှန်ကန်စွာ စီးဆင်းရန်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံအပေါ်သစ္စာ စောင့်သိ၍ အဖျက်သမားများရန်မှ ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဖွံ့ဖြိုးရေးအတွက် DTH စလောင်း အစုံ ၁၀၀ နှင့် DVB T2 Set Top Box အလုံး ၅၀ တို့အားပေးအပ်လှူဒါန်းရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးကလည်းကောင်း၊ ပအိုဝ်းအမျိုးသား အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အတွက် DTH စလောင်း အစုံ ၃၀ အား ပေးအပ်လှူဒါန်းရာ ကိုယ်စား လှယ်တစ်ဦးက လည်းကောင်း လက်ခံရယူသည်။

 

ထို့နောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ ပအိုဝ်းအမျိုးသား အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)မှ ကိုယ်စားလှယ် တစ်ဦးက DTH စလောင်းများပေးအပ်ခြင်းအတွက် လည်းကောင်း ကျေးဇူးတင်စကားများ ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး တို့နှင့်အတူ အောင်သာယာ ကျေးရွာတွင် တည်ဆောက်ပြီးစီးနေသည့် အောင်သာယာစာကြည့်တိုက် အဆောက်အအုံကို သွားရောက်ကြည့်ရှုကာ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။

သတင်းစဉ်