တောင်ကြီး ၁၄ ဧပြီ
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် တောင်လေးလုံးတိုးဂိတ်၊ ဟဲကယ်တိုးဂိတ်၊ ဟိုပုံးတိုးဂိတ်နှင့် ကျောက်တလုံးကြီး (နောင်ယာဆိုင်းလမ်းဆုံ) ဂိတ်များ တွင် နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ မြို့နယ်အတွင်း သွားလာနေသည့် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များပေါ်ရှိ ခရီးသည်များအား လမ်းဆင်းလျှောက်စေကာ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းခြင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုတွင် တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်း၍ လူအင်အား(၈၁)ဦးဖြင့် နေ့စဉ်ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးစိုး(ပြန်/ဆက်)