တောင်ကြီး၊ ၁၈ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်း၊ ရုံးကြီးလမ်း၊ သစ်တောရပ်ကွက်တွင် ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးနိုင်သည့် (RDT) စစ်ဆေးဌာန ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ အပူချိန်တိုင်းတာခြင်း၊ ကိုယ်ရေးရာဇနှင့် ခရီးသွားမှတ်တမ်းများ မေးမြန်းခြင်း၊ လက်ဆေးခြင်းများ ပြုလုပ်စေ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့အတွင်း နေထိုင်သူများအနက် လေကြောင်းခရီးစဉ်၌ လိုက်ပါစီးနင်းမည့်သူများ (သို့မဟုတ်) မည်သည့်အသက်အရွယ်မဆို လာရောက်၍ ရောဂါလက္ခဏာ တစ်ခုခုခံစားနေရသူများ လာရောက်စစ်ဆေး ခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးမည့်အချိန်နှင့် ကုန်ကျစရိတ်များကို မိမိကိုယ်တိုင် ပေးချေရမည်ဖြစ်သည်။ လူတစ်ဦးလျှင် စစ်ဆေးခ ကျပ် ၁၀၀၀၀ ဖြစ်ပြီး စစ်ဆေးပေးမည့်အချိန်မှာ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီထိ၊ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီခွဲထိ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


