တောင်ကြီး ၂၀ ဧပြီ
ဧပြီလ ၂၀ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများ၊ လူနာများနှင့် ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရေး ကုန်တင်ယာဉ်များမှအပ ခွင့်ပြုချက် သို့မဟုတ် လုံလောက်သည့် အကြောင်းတစ်စုံတစ်ရာမရှိဘဲ မိမိတို့နေထိုင်သည့် နေအိမ်ပြင်ပသို့ နေ့စဉ် ည ၁၀ နာရီမှနောက်နေ့ နံနက် လေးနာရီအတွင်း တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့ဖြင့်သော်လည်းကောင်း သွားလာခြင်း၊ စုဝေးခြင်း မပြုကြရန်နှင့် တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ မေ ၁၉ ရက်အထိ အတည်ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)