တောင်ကြီး ၁၆ စက်တင်ဘာ
၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “32 Years and Healing” မြန်မာဘာသာဖြင့် “၃၂ နှစ်ကြာ အောင်မြင်မှု အိုဇုန်းလွှာက သက်သေပြု” ဖြစ်ပါကြောင်း၊ ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ချမှတ်နိုင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်ကို ထပ်မံချုပ်ဆိုနိုင်ခဲ့၍ စာချုပ်တွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း(၁၉၇) နိုင်ငံက လက်မှတ်ရေးထိုးကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ထရီယယ် သဘောတူညီချက်မှာ ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသော ဓာတုပစ္စည်းများ၏၉၉ ရာခိုင်နှုန်းကို လျှော့ချနိုင်ရေး ဆောင်ရွက်ရာတွင် အဓိကလိုက်နာရမည့် ကတိကဝတ်(၃)ခုရှိပါကြောင်း၊ အိုဇုန်းလွှာပျက်စီးစေသည့် ပစ္စည်းများအသုံးပြုမှု ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခြင်း၊ ထုတ်လုပ်မှုနှင့်သုံးစွဲနေမှုများ ထိန်းချုပ် ရေးနည်းလမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ထုတ်လုပ်အသုံးပြုမှုနှင့်ပတ်သက်သည့် အချက်အလက်များကို နှစ်စဉ်အစီရင်ခံရန်တို့ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများကို သုံးစွဲမည့်အစား အိုဇုန်းလွှာကိုမထိခိုက်စေသော ပစ္စည်းများကို အစားထိုးသုံးစွဲခြင်းနှင့် လျှော့ချသုံးစွဲခြင်းအားဖြင့် ကမ္ဘာ့အပူချိန်ကို လျော့ကျစေရန် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဉာဏ်စမ်းအဖြေလွှာများ ပြန်လည်လက်ခံ သိမ်းဆည်းပြီး၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသကာ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် သက်ဆိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဉာဏ်စမ်းပဟေဠိ အဖြေများပြသ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


